ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Sunday, August 23, 2009

အခုဟာက အခုဟာ မဟုတ်ဘူး

တစ်နေ့ တစ်နေ့ နေထွက်နေ၀င် လူတစ်ကိုယ် စိတ်တစ်မျိုး။ လူအမျိုးမျိုး စိတ်အမျိုးမျိုးနဲ့ လူလူချင်း၊ ဒါမှ မဟုတ် လူနဲ့ တိရစ္ဆာန်၊ ဒါမှမဟုတ် တိရစ္ဆာန်နဲ့လူ၊ ထိစပ်နေတယ်။သွယ်ဝိုက် ပတ်သက်နေကြသလို သီးခြားလည်း ဖြစ်တန်ကောင်းရဲ့။ သို့သော် ခုတလောဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ တချိန်တုန်းကရှိခဲ့ဘူးတဲ့ လုပ်ဆောင်ခဲ့ဘူးတဲ့ အရာများရဲ့ အကျိုးဆက်ဖြစ်နိုင်သလို မဟုတ်ဘူးလို့လည်း ငြင်းဆိုနိုင်တယ်။ စိတ်တွေ ကွဲပြားခွဲခြားနေတယ်။ စိတ်ကို စိတ်နဲ့ ထိစပ်နိုင်တယ်။ စိတ်ကို စိတ်နဲ့ အဆက်ဖြတ်နိုင်တယ်။ အကောင်း မြင်ဝါဒများနဲ့ အဆိုးမြင်ဝါဒများဟာ တစ်ဘက်စီခြားနေသလို နီးနီးစပ်စပ်ပေါင်းဖက်ကြသူတွေ။ တစ်ဦးတည်း အမြင်များဟာ အများအမြင်ဖြစ်နိုင်သလို အများအမြင်များဟာလည်း တစ်ဦးတည်အမြင်အဖြစ်ကို ရွေ့လျား သွားတတ်ကြတယ်။ အဖြစ်အပျက်များက ၂၇ခု ရှိချင်မှ ရှိမှာဖြစ်သလို အဲဒီထက်ပိုနေတာလည်း ဖြစ်နိုင်ပါတယ်။ မေ့လျော့နေသော အရာများထဲ ကိုယ့်ကိုယ်ကို မေ့လျောနေခြင်းတစ်မျိုးလည်းပါ ပါတယ်။ တွေးနေမိတဲ့ စိတ်ကူးတွေ တွေးနေမိတဲ့ အကြောင်းအရာတွေ အတွေးမှ နိုးထသောအခါ ပျောက်သွားတတ်သလို ပြန်ဖော်ရ ခက်လာတတ်ပါတယ်။
“မောင်ချောနွယ် ထိတွေ့သမျှ ကဗျာတွေ။ ကဗျာတွေထဲက နာကျင်မှုတွေ၊ နွေးထွေး လှိုက်ဖို့မှုတွေနဲ့ ဆို့တက်လာတဲ့စကားလုံးတွေ ငွေသံကြေးသံများနဲ့ ဝေးရာ ပြေးထွက်ခဲ့တဲ့ ခြေလှမ်းတွေ အနာဂတ်ဖန်တီး နိုင်မှု၊ နစ်မြုပ်နေတဲ့ ကြေကွဲမှုတွေ၊ ကမ္ဘာတစ်ဖက်မှ အော်သံ ကမ္ဘာတစ်ဖက်မှကြားလိုက်တယ် ကဗျာဆရာ တစ်ယောက်ရဲ့ နောက်ကြောင်းရာဇ၀င်နဲ့ ၀မ်းခေါင်းသံ။ ကြေကွဲလိုက်တာ နွေးထွေးလိုက်တာ ရင်းနှီးလိုက်တာ မိုက်ရူးရဲဆန်လိုက်တာ၊ ဒါ ကဗျာဆရာလား၊ အနုပညာရဲ့ ကျေးကျွန်တွေ ၀ဋ်နာ ကံနာတွေ”
“ဆာလောင်မှုရဲ့ အော်သံတွေနဲ့ ချိတ်ဆွဲထားတဲ့ကြိုးများ ၊ ရစ်ပတ်ထားသောကြိုများ၊ မြင်ရသော ကြိုး၊ မမြင်ရသောကြိုးများရဲ့ လှိုင်းပမာဏ နှောင်ဖွဲမှု ခရီးရှည်၊ ဆွဲထားသောကြိုးများ၏ တုပ်နှောင်မှု တင်းကျပ်မှု၊ အသက်ရှုလမ်းကြောင်း၊ သမိုင်းနောက်ခံ”
“မြေခွေး၊ ၀ံပုလွေ၊ ပုံပြင်ထဲက စာသားတွေနဲ့ မှတ်ချက်တွေ ပုံသဏ္ဍာန်ခိုင်နှိုင်းမှုနဲ့ နိမိတ်ပြ နိမိတ်ပုံ အညွှန်းခံ အညွှန်း တိုက်ရိုက် ထိတွေ့ဆက်ဆံမှု ကဗျာဆရာလှည့်စားထားသောစာသားများနဲ့ ပုံပြင်ထဲမှ အဟန့်အတားများ၊ မြေခွေး ၀ံပုလွေ၊ တိရစ္ဆာန်၊ လူ ဆန်သော မြေခွေ/၀ံပုလွေ၊ မြေခွေးဆန်သော လူ/ ၀ံပုလွေ၊ ပုံပြင်အပေါ် လိုက်နာမှု အတိုင်းအတာ ညှို့ယူမှုစွမ်းအားတချို့နဲ့ ဖိတ်စင်မှု တစ်ဝက်”

ဆင်ခြင်မှုများရောက်ရှိလာသောအခါ အမိုက်တရားက အမြိုက်တရားဘက်သို့ ကူးပြောင်းသွားနိုင်တယ်။ ဒါမှ မဟုတ် အမိုက်တရားများ ထပ်ဆင့်လောင်း သန်မာထွားကြိုင်းလာစေပါတယ်။
“လူမိုက်…လူလိမ္မာ။ မရည်ရွယ်ဘဲ ရောက်ခဲ့တဲ့ခရီးတွေ။ ရောက်ချင်ပေမယ့် မရောက်တဲ့ လမ်းတွေ။ ထိစပ်မိသမျှကို ပေါင်းဖက်ခဲ့မှု။ ပေါင်းဖက်ဘူးသမျှ နာကျင် ချိုမြိန်အရသာ၊ ခံစားမှုအာရုံ။ ပါးလွှာမှု အခြေအနေ၊ ရိုက်ခတ်မှုနဲ့ လွန်းထိုးရွေ့လျားသွားလာမှု ရှိ/မရှိ၊ မြင်ရသောလမ်းများ မမြင်ရသောလမ်းများမှ မိတ်ဆွေများ ရန်သူများ၊ မိတ်ဆွေဖြစ်နိုင်မှု နဲ့ မိတ်ဖွဲမှု အတိုင်းအတာ။ ရန်သူဖြစ်နိုင်မှု အရည်အချင်းနှင့် ဖြစ်နိုင်ချေ စံနှုန်း၊ ရန်သူများမှ မိတ်ဆွေ၊ မိတ်ဆွေများမှ ရန်သူ။ အလုံးစုံလေးစားမှုနှင့် အပေါင်းအပါ၊ သည်းခံနိုင်မှုမှ မြင့်တက်မှု၊ ပွင့်လင်းမှုမှ ပွင့်ထွက်မှု ယုံကြည်ရသည့် မျက်လှည့်ပြပွဲ။ ညစဉ်အိပ်မက် မက်ခြင်း မမက်ခြင်း၊ အိပ်မက်အဟော ပါသည့် အိပ်မက် မက် မ မက်၊ ရေရှည်ဆက်ဆံမှု အတိုင်းအတာ၊ နိုင်ငံရေး စီးပွားရေး လူမှုရေး ထွေပြား ရောယှက်နေသော စိတ် အစဉ်၊ ရန်စောင်မှု အတိုင်းအတာနဲ့ ချစ်ခင်မှု အဆုံးသတ်မျဉ်းများ။ ရိုက်ခတ်နေသော လှိုင်းများမှ ဖောက်ထွက်လာသည့် ယာဉ်သွားလမ်း၊ ယာဉ်အမျိုးအစား၊ မောင်းသူ ပါခြင်း မပါခြင်း၊ အပြုံးများရဲ့ အသုံးဝင်မှု မှ အသက်ဝင်မှု မ၀င်မှု၊ ရင်ခုန်မှု အတိုင်းအတာ၊ အချက်အရေအတွက်၊ အရည်အသွေး၊ လွတ်လပ် မှုနဲ့ ဟော့ဟော့ရမ်းရမ်း၊”
“သူလိုကိုယ်လို ခန္ဓာတစ်ခု၊ အသက်ရှုပုံမှန်တစ်ချက် မမှန်တစ်ချက်။ မွန်းကြပ်မှုပြည့်နှက်နေတဲ့ အဓိပ္ပာယ်တွေ၊ ရရှိထားတဲ့ ရုပ်များ စောင့်ရှောက်ထိန်းသိမ်းနိုင်မှု အတိုင်းအတာ ပျက်ယွင်းဖောက်ပြန်မှု သဘောတရားနဲ့ လက်ရှိအခြေအနေများ၊ ကဗျာစာအုပ်များ၊ ကဗျာမဟုတ်သည်များ၊ စိတ်နယ်လွန်ဖြစ်ရပ်များ သို့ ရောက်ရှိနေမှု၊ စိတ်ကျန်းမာရေးဆေးရုံ။ အခန်းနံပါတ် ၇၊ ဆရာဝန် နှင့် လူနာ တတန်းစားတည်းဖြစ်မှု၊ ကုသသူနဲ့ ကုသခံသူ ဆက်ဆံရေး။ ကုသသူမှ ကုသခံသို့ ပြောင်းလဲနှုန်း၊ အတွက်အချက်မှားယွင်းမှု အတိမ်း အစောင်းများ၊ ကဗျာတွေ၊ ကဗျာမဟုတ်တာတွေ၊ ကဗျာမဟုတ်တဟုတ်နှင့် ကဗျာဟုတ်ဟုတ်တွေ၊

ကီးချိန်းသွားတယ်

အဟမ်း…..အဟမ်း ကဗျာရွတ်ပါမယ် ရွတ်မယ့်ကဗျာက ကဗျာဆရာနေမျိုးရဲ့ ကဗျာဆရာ ၀ံပုလွေ



ကဗျာဆရာဝံပုလွေ

တခါတုန်းက ၀ံပုလွေတစ်ကောင်
ရှိတယ်
တစ်နေ့မှာ သူဟာ ဆာလောင်မွတ်သိပ်စွာနဲ့
လမ်းလျှောက်လာသတဲ့
တိုက်ဆိုင်စွာပဲ
အဲဒီနေ့၊ အဲဒီအချိန်၊ အဲဒီနေရာမှာ ယုန်ဖြူမလေးတစ်ကောင်ကို
သူတွေ့သတဲ့လေ
ယုန်တွေဟာ ၀ံပုလွေရဲ့အစာလို့
သူ ဟိုးတုန်းကတည်းက သိထားခဲ့ပြီးသားပါ
ဒါကြောင့် သူ့အနေနဲ့ ယုန်ဖြူမလေးကို
လှစ်ခနဲ ခုန်အုပ်လိုက်ယုံပဲမဟုတ်လား
မဟုတ်သေးဘူး
သူခြေထောက်တစ်ဖက်က နာနေတယ်
ဒဏ်ရာရထားတဲ့ခြေထောက်တစ်ဖက်က နာနေတော့
ယုန်တစ်ကောင်ကို မိအောင်ခုန်အုပ်လိုက်ဖို့ဆိုတာ
ခုလောလောဆယ် မဖြစ်နိုင်သေးဘူးပေါ့
ဒါပေမယ့် သူဟာ ၀ံပုလွေတစ်ကောင်ပါ
‘ ကောင်းသောနံနက်ခင်းပါ’
သူက ယုန်ဖြူမလေးကို အဲသလိုနှုတ်ဆက်
ထော့နဲ့ထော့နဲ့ နဲ့ ချဉ်းကပ်လာသတဲ့
ယုန်ဖြူမလေးက တိုးတက်ခေတ်မီတဲ့သဘောထားရှိသူ
ကဗျာစာပေ အနုပညာလိုက်စားသူဆိုပဲ
တောတွင်းဥပဒေသမှာလည်း ချွင်းချက်တော့ရှိနိုင်တာပဲလို့ သူယုံသတဲ့
သူတို့နှစ်ယောက်ဟာ
မိတ်ဖြစ်ဆွေဖြစ် စကားစမြည်ပြောဆိုကြ
ပြီးတော့ ရင်းနှီးသွားကြတယ်ထင်ပါရဲ့
ခွဲခွာကြခါနီးမှာ
‘မင်းအတွက် ကဗျာတွေ ငါရေးခဲ့မယ်’
ဝံပုလွေကပြောရဲ့
အဲဒီညကစပြီး ၀ံပုလွေဟာ
ကဗျာတွေရေးလေတော့တယ်
သူ့ကဗျာတွေထဲမှာ
စမ်းချောင်းကလေးစီးနေတာပါရဲ့
စီးနေတဲ့စမ်းချောင်းထဲမှာ
ငါးကလေးတွေ ကူးခပ်နေတာလည်းပါရဲ့
ညညဆို မိုးပေါ်မှာ
ဒိန်ခဲနဲ့တူတဲ့ လမင်းကြီးပေါ်ထွက်လာကြောင်းလည်းပါရဲ့
သစ်ရွက်တွေကြားမှာ
လေဟာ မရပ်မနားတိုးဝှေ့သွားနေကြောင်းလည်းပါရဲ့
မြေကြီးထဲက
မမြင်ရတဲ့ ပိုးကောင်လေးတွေ တစီစီအော်နေတဲ့အကြောင်းတောင်ပါသေးသတဲ့
ကဗျာတွေရေးပြီးသွားတဲ့အခါ
ဝံပုလွေဟာ စာတိုက်ကနေ ယုန်ဖြူမလေးဆီပို့လိုက်တော့တယ်
သူ့ဆီကိုလာလည်ဖို့အကြောင်းလည်း စာထဲမှာထည့်ရေးကာ
ဖိတ်မန္တကပြုလိုက်တယ်
အဲဒီမနက်မှာ
သူ့အခန်းထဲက အရိုးတွေကိုလှဲကျင်း
သူ့ခြေထောက်က ဒဏ်ရာကိုလည်း မြန်မြန်ပျောက်ကင်းအောင်ကုသတဲ့
တစ်နေ့မှာတော့ ယုန်ဖြူမလေးရောက်လာခဲ့ပါပြီ
ဝံပုလွေမျှော်လင့်ထားတဲ့အတိုင်း ယုန်ဖြူမလေး
သူ့အိမ်ဆီရောက်လာခဲ့ပါပြီ
ဝံပုလွေဟာ တံခါးကို ‘ဂျိုင်း’ ခနဲပိတ်လိုက်တယ်
ပြီးတော့ ဂလန့်ချလိုက်တယ်
သူ့သွားတွေကိုတတ်နိုင်သမျှ မပေါ်အောင်ဖုံးပြီး
‘ထိုင်ပါ’လို့ ယုန်ဖြူမလေးကို ဖိတ်ခေါ်လိုက်တယ်
သူ့ခြေထောက်က ဒဏ်ရာပျောက်ကင်းနေပါပြီ
အဲဒီအချိန်မှာ သူဟာ လေရဲ့လျင်မြန်ခြင်းမျိုးနဲ့
တစ်ဟုန်ထိုးရွေ့လျားနိုင်စွမ်းရှိနေပါပြီ။
ယုန်ဖြူမလေးဟာ ၀ံပုလွေရဲ့စားပွဲမှာ ၀င်ထိုင်လိုက်တယ်
ပြီးတော့ ‘ ရှင်ဟာ သိပ်တော်တဲ့ကဗျာဆရာတစ်ယောက်ပဲ’ လို့
ပြောလိုက်တယ်
‘င့ါကဗျာထဲမှာ မြေကြီးထဲက ပိုးကောင်လေးတွေအော်တဲ့အကြောင်း
ပါတယ်။ သူတို့ ဘာကြောင့် အဲဒီလိုအော်နေတာလို့ထင်သလဲ’ တဲ့
မေးလိုက်ပြန်တယ်။
‘ စမ်းချောင်းထဲကငါးကလေးတွေ နွေရာသီရောက်ရင်
ဘယ်ကိုသွားကြသလဲ ပြောစမ်းပါဦး’ တဲ့
‘ဒိန်ခဲနဲ့တူတဲ့လမင်းကြီးကိုကြည့်ပြီး ကျွန်မငိုမိတယ်’ တဲ့
သူ့စကားသံတွေဆုံးတော့
ဝံပုလွေဟာ အံ့ဖွယ်ငြိမ်သက်သွားတယ်
အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းလိုက်ပြီး
‘ ယုန်ဖြူမလေးရေ . . .မင်းကို ငါကိုက်စားမှာ မစိုးရိမ်ဘူးလား’
လို့ မေးလိုက်သတဲ့
‘ ရှင် ကျွန်မကို ကိုက်စားချင်ရင် ခုပဲ ကိုက်စားလိုက်ပါ
ဒါပေမယ့် ဒီလိုကဗျာတွေကိုတော့ ဆက်ပြီးရေးသွားပါ’ လို့
ယုန်ဖြူမလေးကပြန်ပြောလိုက်သတဲ့
အဲဒီနောက် သူတို့နှစ်ယောက်
တီးတိုးစကားတွေဆိုကြတယ်
မှတ်မိသလောက်ကတော့
‘ရှင် ကျွန်မကိုလက်ထပ်နိုင်မလား’ ဆိုတဲ့ ယုန်ဖြူမလေးရဲ့စကားသံပါပဲ
ဒီအဖြစ်အပျက်ဟာ စာမျက်နှာပေါ်မှာ အမှန်တကယ်
ဖြစ်ပျက်ခဲ့တယ်
(အခုရေးထားတဲ့စာကိုဖတ်ပြီး အခြားသောဝံပုလွေတွေက ဘီယာသောက်ရင်း ဟားကြသတဲ့)
ကြာခဲ့ပေါ့ . . .။
ကဗျာဆရာဝံပုလွေဟာ ယုန်ဖြူမလေးကို ဖြူဖြူစင်စင်
ချစ်ခင်စောင့်ရှောက်သွားကြောင်းနဲ့ အဆုံးသတ်လိုက်ပါတယ်။ ။

နေမျိုး

ဖြစ်ချင်နေတာမရှိ ကျရာအတိုင်း ရွေ့လျားသွားရုံသာ ပေါ့ပေါ့ပါးပါး ဟာသများနဲ့ လူဖြစ်ရတာကောင်းပါတယ်။

သနားတယ်ဆိုတာထက် ၀ိုင်းဝန်းနာကျင်မိတယ်…ခံစားမိတယ်…ကဗျာဆရာဆိုတာ တောက်လောင်လွယ်တဲ့ သတ္တ၀ါ။ ဇာမဏီငှက်လို မီးကိုစားပြီး ပြန်မွေးဖွားနေရတာ။ ပျော်ရွှင်စရာပါပဲ။ ကျေကျေနပ်နပ် နေရဲသလို ကျေကျေနပ်နပ်သေရဲဖို့ အဆင်သင့်ဖြစ်နေသူ။

ထိစပ်သမျှအကိုင်းအခက်များရဲ့ ပွတ်တိုက်သံကြားမှာ ကြေမွခဲ့ဘူးတဲ့သစ်ရွက်တွေ၊ ရွက်ခြောက်ကြွေသံအဆုံး နဲ့ အစမှာ ဘ၀ဆိုတာ ဖြစ်တည်ခဲ့သမျှ….အားလုံးဟာ…..လွမ်းစရာ။ နာကျင်စရာ၊ ကြင်နာမှုတွေ၊ မေတ္တာတွေ ဒေါသတွေ ပမာဏအလျောက် လွမ်းလောက်စရာ။ ဒီဘ၀ဒီမျှမှာ ရန်သူများ မိတ်ဆွေများ ကံကြမ္မာလှည့်ဘီး တစ်ချက်အလှည့် ပြောင်းပြန်အနေထားနဲ့ ထိစပ်ခဲ့ကြမယ်ဆိုရင် လက်ဆွဲနှုတ်ဆက်ချင်စရာ။

ခေါင်းစဉ်တစ်ခုက မေ့လျော့ပစ်နေတာ အတင်းလုပ်ယူထားတဲ့ အရာများထက် ပင်မှည့်သီးတွေ ပိုချိုတယ်။ နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ။ မမေ့လျော့ ချစ်ခင်စွာ ဖက်တွယ်ထားပါရစေ။ ခေါင်းစဉ်တစ်ခု အားလျော့သွားရင် ခေါင်းကို စင်တစ်ခုအဖြစ် လှည်းကျိုးထမ်းပစ်မယ်။

အခါးမကြိုက် အချိုကြိုက်သည်။ လောကပါလတရားအား စောင့်ရှောက်ပါသည်. . .အရှင်

အထင်ကြီး အထင်သေး ချီးကျူး ရှုတ်ချ စကားလုံးများရဲ့ တန်ဖိုး၊ ၀န်ထုပ်ဝန်ပိုး စိတ်စေရာ စကားများ ဝေးရာ မရောက်သေးသမျှ. . .ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်၊ရန်သူတစ်လှည့် မိတ်ဆွေတစ်လှည့်၊ ချစ်ခြင်း၊ မုန်းခြင်း၊ စိတ်ပျက်ခြင်း၊ စွဲလန်းခြင်း၊ ဆန္ဒရှိခြင်း/မရှိခြင်း၊ အာသီသများနှင့် အာသာပြေမှု၊ အာသာဖြေမှု အဆုံး၊လိုအပ်နေသောအခါ တောင်းသောဆုများ စိတ်နယ်လွန်ဖြစ်ရပ်များ နယ်နိမိတ်၌ ကြိုးဆွဲချခဲ့ပါသည်။

ဒီနေရာမှာ


ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ ငါ
((((((((((((((((((((ငါ)))))))))))))))))))))))))))))))))))
((((((((((((((((((((ငါ))))))))))))))))))))))))))))))))))


ရေးချင်လို့ ရေးတာ။ ။





ပျံ့ လွင့်သောတေးနှင့် ဧကစာရီ မှ

2 comments:

မချစ်ရ said...

အရမ်းမြင့်သွားပြီလိုက်မမှီတော့ဘူး
နားမလည်တော့ဘူး..:P

မချစ်ရ said...

ကဗျာဆရာဝံပုလွေလေးကကောင်းလိုက်တာနော်
သဘောပေါက်ပါပြီအဲဒါလေးကို.....:)

Post a Comment

Related Posts with Thumbnails