ပြိုကျပျက်စီး
နန်းတော်ကြီးရယ်
အထီးကျန်မျှော်စင်
ခြေခွင်ခွင်ရယ်..။
သူတို့အိုသလို
လွင်ပြင်ကြီးလည်းအိုခဲ့ပြီ..။
ဟို..အင်ကြင်းပင်ကြီးတောင်
တိုင်းထီးပင်မ
လုံးဝကျောက်ဖြစ်
ရာစုနှစ်မှော်ဆရာရဲ့
ပဉ္စလက်မာယာကြောင့်
မျက်နှာဟာရုပ်သေ
မြေနဲ့စကားမပြော
ငိုနေသလောရယ်သလော...။
ရှေးအခါက
အလှကလျာတစ်ပါးနဲ့
မင်းသားလေးတစ်ယောက်
ဒီအင်ကြင်းပင်ကြီးအောက်
နှစ်ယောက်အတူထိုင်ခဲ့တာ.
ဒါ.........ဒဏ္ဍာရီမဟုတ်ဘူးတဲ့လေ..။
ကမ္ဘာမြေလို
သက်တမ်းရှည်တဲ့
လေ..ရေ
ငါဟာ
ရုက္ခဗေဒဆရာရဲ့
ဝေါဟာရစာရင်းမှာ
အမည်မသွင်းရသေးတဲ့
အပင်လေးပါ
ငါ့ရဲ့
ဆံမြတ်ဖွေးဖွေးပေါ်မှာ
သေးကွေးမှုန်ဝါးတဲ့
သီးနှံအိတ်အရေပါးတွေပေါ့
အားကောင်းတဲ့မိုက်ခရိုနဲ့
ကြည့်လိုရင်မြင်နိုင်ရဲ့
မဟာကဝေ
ဝင်္ကန္တလေရေ..ခြေထောက်တတ်ပေးပါ
တောင်ပံတတပ်ပေးပါ..။
ဟောဒီ
မြေဆွေးမွမွ
အနန္တလွင်ပြင်ကြီး..တဲ့
ငါ့မျိုးစေ့တွေပက်ကြဲပေးပါ။
အဲဒီအခါ
ကမ္ဘာကြီးနဲ့အိုမင်းတဲ့လွင်ပြင်ရယ်
ကျောက်အင်ကြင်းပင်ရယ်
ရင်ပြင်မဲ့နန်းတော်ဟောင်း
ခေါင်းလောင်မမြည်
စည်သံမဟည်း
ဒီမျှော်စင်ကြီးရယ်
ငါ့သားငါ့သမီးအပိုင်စားမယ်ပေါ့
မျိုးပွားမှုလေ့လာမှု
သုတေသနသမား
ခစားဝပ်စင်း
မှတ်တမ်းသွင်းလော့.။
ရှင်သန်ခြင်းနဲ့
မျိုးပျံ့ ခြင်းဟာ
သေမင်းကို
ခြေနဲ့နင်းတယ်။
သီချင်းတကြော်ကြော်နဲ့
ငါပျော်နေလိုက်တာလေ
ကျောက်ဖြစ်းရုပ်အင်ကြင်း
ရုပ်ကြွင်းတစ်ခု
ရွက်နုမထိုးတာ
ငါ
ရင်ကျိုးမတတ်ခံစားရတယ်..။ ။
ကြည်အောင်
No comments:
Post a Comment