စိတ်ကျန်းမာရေး ဆေးရုံ အခန်းနံပါတ် (၇)။ ၁၀ပေ ပတ်လည်။ ထောင့်ကျဉ်းထဲ ခွေခေါက်လဲနေတဲ့ လူတစ်ယောက်။
ဖြူလိုက် ပြာလိုက်
မဲလိုက် ၀ါလိုက်
နီလိုက်…ဖျော့လိုက်
အရောင်အမျိုးမျိုး ပြောင်းနေတဲ့ မျက်နှာ
မာန်သင့်နေတဲ့ ခံစားချက်
မှောက်ကျလဲနေတဲ့ ရပ်တည်ချက်တချို့
စိတ်ကျန်းမာရေးဆေးရုံ
စိတ်ကို အထူးကုသည်။
စိတ်
လျှော့ထား
စိတ်
အေးအေးထား
စိတ်
ငြိမ်ငြိမ်ထား
စိတ်ကိုကုဖို့ စိတ်ကိုလိုတယ်
အိပ်မွေ့ချထားတယ်
ဂယောင်ကတမ်းမပြောနဲ့
တည်တည်ငြိမ်ငြိမ်ပြော
အတိတ်တွေခေါ်ကြည့်မယ်
ဘာဖြစ်ခဲ့သလဲ
အနာဂတ်ကို လျှောက်မကြည့်နဲ့
ပစ္စုပ္ပန်မှာ နေ
စိတ်ကျန်းမာရေးဆေးရုံ စိတ်အထူးကုသည်
အစားအသောက်မှန်ရဲ့လား
ဘာ စားလဲ
ဘာ တွေးလဲ တစ်နေ့တစ်နေ့
စိတ်ချမ်းသာရဲ့လား
စိတ်ညစ်စရာတွေ မထည့်နဲ့ ခေါင်းထဲ
အာရုံမှားတွေ အာရုံများတယ်
အော်
အလိုလိုရောက်လာတာ!
ဝိပဿနာရှုကြည့်ပါလား
မမြဲခြင်းတရားနဲ့ အညစ်အကြေးတွေ
ဖယ်ရှားကြည့်ပါလား။
လောမကြီးနဲ့
ဖယ်ရှားချင်တဲ့စိတ်ကလည်း
စွန်းထင်းစေတယ်နော်
စိတ်ကို အရောင်တင်ကြည့်
အဖြူရောင်။ အနီရောင်။ အနက်ရောင်
မလိုတမာ။ အားမလို အားမရ။ ပူပူဆွေးဆွေး
ဒီနေ့ အခြေအနေ
နေသာရဲ့လား
စိတ်
ကျန်းမာရေး ပိုကောင်းလာလား
နေလို့ထိုင်လို့
အခန်းထောင့်ကျဉ်း ၁၀ပေ ပတ်လည်
စိတ်ကျန်းမာရေးဆေးရုံ စိတ်အထူးကုသည်
အခန်နံပါတ် (၇)။ ။
No comments:
Post a Comment