ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, August 14, 2009

ရင်ပူစေတဲ့ ရိုက်ချိုးမှုမှာ . . . အဖျက်သမားတွေ . . . ယောင်ကိုင်းနေကြတယ်

ငယ်ငယ်က အိမ်မက်မက်တယ်ဗျ၊
ငုံ့ကြည့်တော့ ဘာမှ မရှိတာနဲ့ပဲ ဗီဒို အပေါ်(အသာ) တင်ထားလိုက်တယ်။
ထင်ထားတဲ့ အတိုင်းပါပဲ ဘယ်သူမှ မမွှေးခဲ့တဲ့ လေ က ၀ုန်း ခနဲ အတိုက်မှာ
ပြာကျသွားကြတယ် ( သံမဏိ စကားလုံးတွေရယ်၊ လက်မဆေးရသေးတဲ့ မတရားမှုတွေရယ်၊ ဖားမက်ရဲ့ နောက်ဆုံးသီဝရီရယ် အမြစ်မခိုင်တဲ့ ကောင်တွေရယ်၊ (နောက်ထပ်ဖော်ပြမထားတော့ဘူး) . . . .)
နောက်ဆုံးတော့လည်း ငါ နဲ့ အတူ အော် (ရယ်/ဆဲ) ကြပါ။
“အခု နာကျင်မှု ကလွဲရင် ဘာမှ အစစ်အမှန်မဟုတ်ဘူး” မတ်တယ်လစ်ကာ
ချစ်ရတာ မောတယ်၊ ငြင်းခုံရတာမောတယ်၊ ရှင်းပြရတာမောတယ်၊ အားယားနေတာ မောတယ် (အခုတလော အမော မခံနိုင်ဘူး)
ဘာတွေက အစစ်အမှန် ဆိုတာ မရှာချင်ဘူး(ခင်ဗျားတို့ သိရင်လည်း လာပြောပြမနေနဲ့တော့ (လွန်ကုန်ပြီ))
ကဗျာဆိုတာ အမွှေးနံ့သာ ဖြူးထားတဲ့ ဟင်းချိုတစ်ခွက်မှ မဟုတ်ပေပဲ။
ရက်စက်တယ်ဆိုတာတွေ ရက်တွေဆက်လာတဲ့ အခါ . . . ဒါလည်း လာဘ်စားမှုပဲ။
ဒါလည်း ညစ်ညမ်း မှုပဲ။ ဒါလည်း အမှားဟန်ဆောင်ထားတဲ့ အမှန်တရားပဲ။ ဒါလည်း သမိုင်းမတွင်ခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်ပဲ။ ဒါတော့လည်း .. . ဒါပေါ့လေ။
ဒါပေမဲ့ ဒါတွေက . . . ဒါဒါ တွေရဲ့ ဖန်တီးမှု တစ်ခုမဟုတ်ဘူး။ ဘာသာစကားတစ်ခုရဲ့ အတွင်းသားကို မငမ်းမရ စုပ်နမ်း အရသာ ခံကြည့်နေတာ။
ထွီ . . . . မျက်နှာကို အသေးဆုံး သိမ်ငယ်သွားသည်အထိ . . . . အကြိမ်ကြိမ် အတောင်ပံတွေ . . . . နှင်းရည်စက်တွေ. . . မြင်ယောင်မိတာ . . . . ဖြူးဖွေးသွယ်လျတဲ့ ပေါင်တန်တွေ . . . သူတို့စိတ်ကူးလေးတွေထဲမျာ . . . အိုဟာရာတွေ အများကြီးပဲ . . . . ငါပြောနေကျလို . . . . . သြော် . . . . ကြည့်လို့တောင်မကောင်းဘူး . . .
အခု ငါ အသက်နှစ်ဆယ် လည်း ပြည့်သွားတာ တစ်လလောက်ရှိပြီ။ လူတွေဝိုင်းပြီး လက်ညှိုးထိုးကြ

တယ်။ လူတွေဝိုင်းပြီး မျက်စောင်းထိုးကြတယ်။ လူတွေ ၀ိုင်းပြီး . . . . ထိုးကြတယ် ။
ငါ အဲသည်မှာ မရှိတော့တာ နှစ်ပတ်လောက်ရှိပြီပဲ။ (သူတို့ ဘာလုပ်နေပါလိမ့်)
ထင်ထားတဲ့ အတိုင်း ခပ်နောက်တောက်တောက် မှန် နဲ့ ခပ်နောက်တောက်တောက် အတွေးအခေါ်တို့ ကြည်လင်မှုကို မုန်းတီး စက်ဆုပ်နေတာကို ၀မ်းသာစွာနဲ့ တွေ့လိုက်ရ။
(ထင်တာပဲ လေ)

ထားလိုက်ပါတော့။ ဟို . . . နားမှာ ထားလိုက်ပါတော့။ ခပ်ဝေးဝေးမှာ ထားလိုက်ပါတော့။ တစ်ချို့ညတွေမှာ . .. ရန်ကုန်မြို့ကြီး တစ်ခုလုံးဟာ တုန်ယင်စိုစွတ်နေတာ ခင်ဗျားတို့သိကြလား။
ရေခဲရေရောင်းတဲ့ ကောင်လေးတွေ ပိုက်ဆံ လိုက်တောင်းတာ ခင်ဗျားတွေ့ဖူးသလား။ ခြေရာ အဟောင်းတွေ အရိုးမှာစွဲနေတာ ခင်ဗျားလက်ခံသလား။

မထင်ထားနဲ့နော် ငါ့ညီ။ နှစ်ပေါင်း နှစ်ဆယ် အသက်ရှင်လာပြီးတဲ့နောက် ငါ ဟာ လေမှာ ပျံ ဖို့ အသင့်ပဲ။ ( လေဆိုတာ၊ ဘာလဲ မမေးနဲ့)
ငိုချင်သလိုလို ဖြစ်တိုင်း အပေါ့သွားလိုက်တယ်။ (ပေးလိုက်)
တယောသံလို နွဲ့နောင်းနေတဲ့ အတိတ်ကံ က ငါ့ ကို ဖမ်းစား(ဖမ်းပြီးတော့ ၀ါးစား)လိုက်တယ် (တကျွပ်ကျွပ် တကြွပ်ကြွပ် တကျွတ်ကျွတ် တကြွတ်ကြွတ် နဲ့)

“ ဟား ဟား ဟား” ( ငါရယ်တာ မဟုတ်ဘူးနော်)

ထင်မထားပါနဲ့ ငါ့အစ်ကို။
အမှန်တရားဆိုတာ တံတားမလိုပဲ အစ်ကို့ ရင်ထဲကို ရောက်လာမှာပါ။ (အမှန်တရား ဆိုတာ ဘာလဲ၊ မမေးနဲ့)

နားတစ်ဖက်ပိတ်ပြီး လမ်းဆက်လျှောက် သွားလိုက်၊
လမ်းဆုံးရင် . . . . ရွာရောက်မရောက်တော့ မသိဘူး၊ လမ်းတော့ ဆုံးမှာပဲ (စက်ဝိုင်းပုံလမ်းဆို ဘယ်လိုလုပ်မလဲ ကဲ)
မိုးတွေရွာနေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီး ချစ်သူကိုလွမ်းရတာ အရမ်း . . . (အလကား ဘာမှ မဟုတ်ဘူး ပေါချောင်ကောင်း အလုပ်ကြီး)

သေခါနီးကျရင် ကိုယ့်ဘ၀ ကိုယ် ပြန်သိမ်းပိုက် ဖို့ မမေ့ဖို့ဆိုတဲ့ စကားကို ငါ သိပ်နားမလည်ပေမဲ့ ငါ ရင်မပူအောင် ရေသောက်ပြီး အော်နေပါရစေ။



ရေးသားသူ>>>> လင်းနီညို
(ကျွန်တော်သူငယ်ချင်းရဲ့ကဗျာလေးပါ၊ အွန်လိုင်းက သူငယ်ချင်းပေါ့၊ ကိုယ်ပိုင် Blog လုပ်ဖို. အခက်အခဲရှိတာရယ် ကျွန်တော်ကလည်း ဒီကဗျာလေးကို သဘောကျတာရယ်ကြောင့်တင်ပေးလိုက်ပါတယ်၊ အားပေးကြပါဦးလို.၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Posted by တေလေ at 5:49 PM

No comments:

Post a Comment

Related Posts with Thumbnails