ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Saturday, August 21, 2010

မသိနိုင်ခြင်းကဗျာ

မေမေ
ဒီနေ့ကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပြီ
ဆရာမက မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ မေမေရယ်

ဖေဖေ
လမ်းထိပ်က သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ အရမ်းစီးချင်လို့
သူငယ်ချင်းကို ပူဆာမိပါတယ်
သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့
သမီးလည်း ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက အဝေးကြီးမှာ
အလုပ်သွားလုပ်တာလို့
ပြန်လာရင် ကားကြီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို့
ဖေဖေ လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော် ဖေဖေနော်

မေမေ
ဒီနေ့ကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့ အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲ့ထွက်သွားတဲ့
ကျောင်းကားကြီးကိုကြည့်ပြီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး မေမေရယ်
မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး
သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်

ဖေဖေ
ဒီနေ့ဆရာမက
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း ပြောပြတယ်
စစ်သားဝတ်စုံနဲ့
ခန့်ခန့်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ

မေမေ
သမီးဒီနေ့
နေမကောင်းဘူး အားရော့ပြီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲ့တဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်ေ
မမေရယ်
သမီးပညာတတ်ကြီးဖြစ်မှ
မေမေနဲ့ဖေဖေတို့ကို
လိုက်ရှာနိုင်မှာလေ

ဖေဖေရေ
အခုလေ သမီးနားမှာ
လူတွေအများကြီးပဲ
ဆရာဝန်မလေးတွေနဲ့သမီးဆရာမနဲ့
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတို့ကသမီးကိုလာကြည့်ပြီး
သမီးကို ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ် မေမေရယ် ဖေဖေရယ်
အတူတူ လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ်
ဖေဖေ မြင်ရင်အရမ်းသဘောကျမှာသိလား

မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက သေတော့မှာတဲ့
သမီးကဘာလို့သေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ သူပြောတာမယုံနဲ့နော်
သမီးနေကောင်းသွားရင် မြန်မာပြည်အနှံ့
မေမေ့ကိုလိုက်ရှာမယ်နော်

ဖေဖေ
ဒီနေ့ထူးဆန်းတယ်
သမီးအနားမှာ အားလုံးက
ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့
သမီးကိုကြည့်နေကြတယ်
ဆရာမက သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ ဆရာမရယ်

ဟင် ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း အသံတွေ ဝူးတူးဝါးတားနဲ့
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်… တယ်
မေမေ ဖေဖေ…
သမီးနေကောင်း…သွားရင်
လာရှာမယ်နော်… နော်
စောင့်…စောင့် နေနော်
……………….
………….
…….

*Snowflake*မတင်ရတာ အတော်ကြာပြီ တင်ပြီဟေ့။

Read More...

Friday, January 15, 2010

၁၅၊၁၊၂၀၁၀။

အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ဘလော့ထဲ မြှ ဘယ်သူမှ လာ မလည်တော့ဘူး သိနေပေမယ့် ကျန်ခဲ့တဲ့ သူငယ်ချင်း အားလုံး အတွက် အတော် ခင်မင် သံယောဇဉ် ထားမိပါတယ်။အထူးသဖြင့် အဖွဲ့ ထဲ က ဦးစီးဦးဆောင်တွေနဲ့ စောကိုကိုတို လို လူတွေပေါ့၊လေဆိပ် မှာ တစ်ယောက်ထဲ ကျန်ရစ်တော့ အတော်ကို စိတ်တင်းလိုက်တယ် အတင်းလွန်သွားတော့ ဆိုးတယ်။
စိတ်ထဲမှာ တင်းကျပ်နေတာတွေ များတာကနေ ....တွေ့လာသမျှကို တင်းတင်း ပဲမြင်နေရတော့တယ်။မြင်တော့ မြင်ကွင်းတွေ က ကျယ်ကုန်တယ်။တစ္ဆေအခြောက်ခံရတဲ့ သူငယ်ချင်းတွေရေ
မှတ်တမ်းပါ သူငယ်ချင်းများအား ကျေးဇူးတင် သတိရစွာဖြင့် .......

Read More...

Saturday, January 2, 2010




ဘယ်နေရာမဆို ဘယ်သူ့ထံမဆို

မင်းကို ဖိတ်မန္တက မပြုဘဲ မင်းရောက်သွားခဲ့ရင်

တချို့က မင်းကို ၀င်ခွင့်ပြုမှာမဟုတ်။ တချို့က ခွင့်ပြုသော်လည်း သိပ်ဝမ်းသာကြမှာမဟုတ်ဘူး။

ဝမ်းသာသော်လည်း ထာဝရ၀မ်းမသာနိုင်ကြပါဘူး။

သို့သော် . . . မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို

အမြဲထာဝရ ၀မ်းသာစွာ ကြိုဆိုနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .


မင်းဘာအလုပ်မှ မလုပ်ဘဲ အငြိမ့်သား ထိုင်စားနေရင်

တချို့က မင်းကို ဆူဆဲမယ်၊ တချို့က မင်းကို နှင်ထုတ်မယ်။

သို့သော် . . . မင်းကို ဆူဆဲခြင်း၊ နှင်ထုတ်ခြင်းမရှိဘဲ အမြဲကျွေးမွေးနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .


မင်းသူတို့အပေါ် ကျင်ကြီး ကျင်ငယ်တွေ အန်ဖတ်တွေ စွန့်မိခဲ့ရင်

သူတို့ရွံရှာပြီး မင်းကို ပထုတ်ပစ်မှာပဲ။

သို့သော်. . . မင်းကို စေတနာနဲ့ သန့်စင်ပေးပြီး ပ မထုတ်တဲ့သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းက ဒေါသူပုန်ထပြီး ထွက်ခွာသွားရင်

လူအချို့က မင်းကို “ထွက်သွား ထွက်သွား . . . ဝေးလေ ကောင်းလေ”လို့ ပြောမှာ။

သို့သော် . . . မင်းကို မသွားချင်တဲ့သူ မင်းကို လိုက်ချော့မော့ခေါ်မယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူများအပေါ် မိုက်မဲရူးရဲစွာ ဆက်ဆံခဲ့ရင်

သူများက မင်းကို ခွင့်မလွတ်ဘဲ တုန့်ပြန်မယ်။

သို့သော် . . . မင်းကို ထာဝရ ခွင့်လွတ်ပြီး တုန့်ပြန်ခြင်း ကင်းသူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့ကို မြတ်မြတ်နိုးနိုး အလိုလိုက်ခဲ့ရင်

တချို့က မင်းကို ပြန်မြတ်နိုးပြီး အလိုလိုက်နိုင်တယ်။

တချို့ကတော့ မင်းကို စိမ်းကားပြီး Shift နှိပ်ပြီး Delete လုပ်ပစ်မယ်။

သို့သော် . . . မင်းသူ့ကို မြတ်နိုးသည်ဖြစ်စေ မမြတ်နိုးသည်ဖြစ်စေ

မင်းသူ့ကို အလိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ

မင်းကို အစဉ်ထာဝရ ချစ်မြတ်နိုးနေပြီး ဇိဝှိန်ချုပ်တဲ့အထိ အလိုလိုက်နေမယ့်သူ တစ်ယောက်တော့ရှိတယ်။

အဲဒီသူက ဘယ်သူလို့ မင်းထင်သလဲ . . . ?

“အမေ”ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ . . . ?

(၃၀၊ ၁၂၊ ၂၀၀၉) ၁၃၇၁ ခု၊ “ပြာသိုလပြည့် အမေနေ့”ကို ဂုဏ်ပြုလျက်။

တောင်တန်းသာသနာပြုဆရာတော်

အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)

Read More...

Friday, November 27, 2009

အမိုးတိုင်းမှာ အိမ်ရှိတယ်

မြန်မာကလေးကဗျာ နှစ်ပုဒ်ရှိပါတယ်။ ခေါင်းစဉ်တောင် ရှိ သေးသလား မသိတော့ဘူး။ မှတ်မိတာပဲ ရှိတယ်။ “ပေါက် ပင်” နဲ့ “ဂျာအေး” လို့ပဲ အလွယ်တ ကူ ခေါ်လိုက်ကြပါစို့။ ဒီကလေးကဗျာနှစ်ပုဒ်ကို စာဖတ်သူတို့လဲ သိကြမှာပါ။

“ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် - ဗျိုင်းနားလို့ ကိုင်းရ တယ်
ဗျိုင်းဘာကြောင့် နားရတယ် - ငါးပေါ်လို့ နားရတယ်
ငါးဘာကြောင့် ပေါ်ရတယ် - မိုးရွာလို့ ပေါ်ရတယ်
မိုးဘာကြောင့်ရွာရတယ် - ဖားအော်လို့ရွာရတယ်
ဖားဘာကြောင့် အော်ရတယ် - မြွေကိုက်လို့ အော်ရတယ်
မြွေဘာကြောင့် ကိုက်ရတယ် - ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်”။


“ဂျာအေး၊ ဂျာအေး၊ ဂျာအေး
ဂျာအေးကို သူ့အမေရိုက် မှောင်မိုက်မှာငို
ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ
တွဲလွဲ တွဲလွဲနေပါအုံး
မိုးတောင်ကချုန်း၊ မုန့်လုံး
မုန့်လုံးကို စက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင်
ပလ္လင်ပေါ်ကမြောက်ကလေး ဆင်းတယ်လို့ပြေး
ဂျာအေး ဂျာအေး၊ ဂျာအေး
ဂျအေးကို သူ့အမေရိုက် …..။


ဒီကလေးကဗျာလေး နှစ်ပုဒ်ကိုကြည့်လိုက်တော့ ကွဲပြား တာလေးတွေ တွေ့ရတယ်။ ပေါက်ပင်မှာ အကြောင်းပြ ချက်နဲ့ ဝါကျချင်းကို ဆက်စပ်ပေးထားတဲ့ ဝါကျဆက် သမ္ဗန္ဓ၊ အဓိပ္ပါယ်ဆက်စပ်ထားတဲ့ အဓိပ္ပါယ်ဆက် သမ္ဗန္ဓ၊ အကြောင်းပြချက် သမ္ဗန္ဓကိုတွေ့ရပြီး၊ ဂျာအေးမှာတော့ အဲ့ဒါမတွေ့ရပါဘူး။ အကြောင်းပြချက် သမ္ဗန္ဓတွေဆက်စပ်ထားတဲ့အတွက် “ပေါက်ပင်” ဟာ အကြောင်းပြ “ဂျာအေး” မှာတော့ အဆိုပါအကြောင်းကျိုးပြ သမ္ဗန္ဓတွေ မပါရှိတဲ့အတွက် ကြောင်းကျိုးပြ အဓိပ္ပာယ်ရယ်လို့ ထင် ထင်ရှားရှားမတွေ့ရပါဘူး။ အဓိပ္ပာယ်မရှိဘူးလို့တောင် ပြောချင်ရင် ပြောလို့ရပါတယ်။ ဒါမှမဟုတ် အဓိပ္ပာယ်အနက် ဆက်စပ်မှုတွေကို အထင်အရှားမပြသဘဲ ဖျောက်ထားတာလဲ ဖြစ်နိုင်ပါတယ်။ “ပေါက်ပင်” မှာ ဆင်ခြင်ယုတ္တပုံစံနဲ့ လိုင်းကူးစက်မှုရှိပြီး အဆုံးမှာ တရားခံဟာ ပေါ်သွားပါတော့တယ်။ “ဂျာအေး” မှာတော့ အဲ့ဒီဆင်ခြင်ယုတ္တိပုံစံလဲ အထင်အရှားမတွေ့ရ၊ အဆုံးသတ်လည်း မရှိဘဲ ချာချာလည်သာ ဝဲနေပါတော့တယ်။ “ပေါက်ပင်” မှာ တူညီတဲ့ စကားလုံးတွေ အသံကာရန်တွေ၊ အဓိပ္ပာယ်ဆက်စပ်မှုတွေနဲ့ တွဲ ချိတ်တည်ဆောက်ထားတာတွေ့ရပြီး “ဂျာအေး” မှာ အသံကာရန်နဲ့ပဲ တွဲချိတ်တည်ဆောက် သွားတာ တွေ့ရပါတယ်။ “ပေါက်ပင်” မှာ ကြောင်းကျိုးဆက်စပ်မှုကို တွေ့ရပြီး “ဂျာအေး” မှာ ကြောင်းကျိုးဆက်စပ်မှု မဲ့နေတာကို တွေ့ရပါတယ်။ ဘယ်သင်းဟာ ပိုကောင်း သလဲဆိုတာကတော့ ဖတ်သူနဲ့သာဆိုင်ပါတယ်။ ကျနော်ကတော့ မြန်မာ့ယဉ်ကျေးမှုတွေးထဲ စီးနေတဲ့အတွက် နှစ်ပုဒ်စလုံးကို တမျိုးစီ ကြိုက်ပါတယ်။ အဓိပ္ပာယ်ရှိတာ၊ မရှိတာအပထားပြီး ကြိုက်နှစ်သက်ပါတယ်။

ကဗျာနဲ့ပတ်သက်လို့ ဖတ်မိမှတ်မိတာလေး ထည့်စဉ်းစားကြည့ိုက်ပါတယ်။ ပေါ့ရင်လည်း ပေါ့ပြီး၊ လေးရင်လည်း လေးနိုင်ပါတယ်။ ဒီလိုပါ “ကဗျာဟာ ဆင်ခြင် ယုတ္တိဆီ ဦးတည်တာ မဟုတ်ဘူး”၊ ကဗျာဟာ ဆင်ခြင်ယုတ္တိနဲ့၊ ကြောင်းကျိုးဆက်စပ်မှုနဲ့၊ စကားပြေ အရေးအသားရဲ့ သတင်းအချက်အလက် တိုက်ရိုက်ပေးကမ်း တဲ့ လမ်းကိုမလိုက်ဘူး”၊ “ကဗျာဟာ သွယ်ဝိုက်တယ်၊ ဝေ့ကာဝဲကာ တင်ပြတယ်”၊ စကားပြေဟာ လိုရင်းအကြောင်းအရာကို ဦးစားပေးပြီး ကဗျာဟာ ရေးဖွဲ့တင်ပြ ပုံ (ဘာသာစကားသုံးစွဲပုံ) ကို ဦးစားပေ တယ်”၊ စကားပြေဟာ ကျောက်ခဲရဲ့ ပညတ်ဆီသွားပြီး ကဗျာဟာ ကျောက်ခဲရဲ့ အသားသဘော ကျောက်ခဲရဲ့ သဘာဝ ဆီသွားတယ်” ဆိုတဲ့စကားတွေပါ။ အဲသလို ကဗျာသဘောနဲ့ပြောရင် “ပေါက်ပင်” ထက် “ဂျာအေး” ဟာ ကဗျာဘက် ပိုနွယ်တယ်လို့ ဆို ကောင်းဆိုနိုင်ပါတယ်။ ယတိပြတ်ပြောတာတော့ မဟုတ်ပါဘူး။ နှိုင်းရသဘော ပြောတာပါ။ “ဒါကြောင့် ဒါဖြစ်တယ်၊ ဒါဖြစ်လို့ အဲဒါ ဖြစ်တယ်။ အဲ့ဒါကြောင့် အဲသဟာ ဆက်ဖြစ်တယ်။ နောက်ဆုံးတော့ တရားခံဟာ အဲ့ဒီဟာပဲ” ဆိုတဲ့ ကြောင်းကျိုး ယုတ္တိကွင်း ဆက်တည်ဆောက်မှုကို “ဂျာအေး” က ဖျက်လိုက်ပါတယ်။ နေ့စဉ်ဘဝမှာ ယုတ္တိကွင်း ဆက်နဲ့ တည်ဆောက်ထားတတွေ ရှိသလို ယုတ္တိမဲ့စွာ ဆက်စပ်ဖြစ်ပေါ်နေတာလဲ ကြုံဖူးကြရပါလိမ့်မယ်။ ဒါမှမဟုတ်၊ ဆက်စပ်စေတဲ့ ယုတ္တိကိုမသိတာ၊ အသိ လျှမ်းတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်၊ အစဉ်အလာလက်ခံထားတဲ့ ယုတ္တိ ယုတ္တာနဲ့ ချိန်ထိုးဆက်စပ်လို့မရတဲ့၊ အစဉ်အလာ ယုတ္တိဘောင်ကနေ ကင်းလွတ်နေ တဲ့အတွက် “ယုတ္တိမရှိဘူး” လို့ ထင်မြင်ယူတာလည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ်ဘဝမှာ “ပေါက်ပင်” တွေကိုင်းရသလို “ဂျာအေး” လည်း ဘာကြောင့်မှန်းမသိ အရိုက် ခံရတာလည်း ရှိတယ်မဟုတ်လား။

ဆက်စပ်ပြီး ပြောချင်တာကတော့ ကဗျာနှစ်မျိုးနှစ်စားပါပဲ။ တမျိုးက emotional နှလုံးသားခံစားချက် ဦးစားပေးတဲ့ ကဗျာဖြစ်ပြီး တ ခြားတမျိုးကတော့ cerebral ဦးနှောက် အတွေး၊ စိတ်ကူး (ဖြန့်ကျက်မှု) ပေးတဲ့ ကဗျာပါပဲ။ ဒါဟာ ပညာရှင်တွေ အကြမ်းဖျဉ်းခွဲ တာဖြစ်ပြီး ဘယ်ကဗျာဟာဆိုရင်ဖြင့် ဘယ်အမျိုးအစားဖြစ် ပါတယ်လို့ ပုံသေကားချပ်ပြောလို့တော့ မရပါဘူး။ ကဗျာကောင်းတိုင်းမှာ နှစ်မျိုးစလုံးသမစွာ ပါဝင်ကြပါတယ်။ အကြမ်းဖျဉ်းခွဲတယ် ဆိုတာဟာ ဘယ်ကဗျာဟာ ဘယ်ထက်ပိုကဲတယ်လို့ ပြောလို့ရရုံကို ဆိုလို တာဖြစ်ပါတယ်။ ကျနော်တို့ဆီမှာတော့ ကဗျာကိုခံစားချက်နဲ့ပဲ တွဲမှတ်ထားတဲ့ အလေ့အထ (အစွဲ) ဟာ ကြီးမားစွာ ရှိနေပါတယ်။ “ကဗျာရေးသူဟာ ခံစားချက်တခုခုရှိလို့ ကဗျာကိုခံစားချက်နဲ့ ရေးပြီးကဗျာထဲမှာ သူ့ခံစားချက်ကို ထုတ်ဖော်ရေးဖွဲ့ပြတာ ဖြစ်တယ်။ ကဗျာဖတ်သူဟာ ကဗျာကိုဖတ်ပြီး ကဗျာထဲက ကဗျာရေးသူရဲ့ ခံစားချက်ကို ဖတ်ရှုခံစားကူးစက်တာ ဖြစ်တယ်” ဆိုတဲ့ “ခံစားမှုကူး စက်မှု ဗဟိုပြု” သဘောမျိုးဖြစ်ပါတယ်။ ရောမန္တိက ကဗျာအမျိုးအစားဝင်လို့ ပြောလို့ရပါတယ်။ အစဉ်အလာလေးလုံးစပ် ကဗျာတွေနဲ့ ခေတ်ပေါ်ကဗျာ တော်တော်များများဟာ ဒါမျိုးပါပဲလို့ ပြောနိုင်ပါတယ်။ မကောင်းပြောတာ မဟုတ်ပါဘူး။ ကောင်းပါတယ်။ ကြိုက်ပါ တယ်။ ကျနော်ကိုယ်တိုင် ဒီလိုကဗျာမျိုးတွေနဲ့ ကြီးပြင်းခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရောပေါ့။ သပ်မကြာမီက ကဗျာစာအုပ်လက်ဆောင် ပေးပို့ကြတဲ့ (ကို) ဇော်ယုအောင်ရဲ့ “ဗာဟီရပင်လယ်” နဲ့ (ကို) မိုဃ်းဇော်ရဲ့ “ကြေးစား” ကဗျာစာအုပ် နှစ်အုပ်ထဲက ကဗျာတွေဟာ အထက်မှာပြောခဲ့တဲ့ “ခံစားမှု ကူးစက်မှုဗဟိုပြု” ကဗျာတွေဖြစ်ပြီး ကျနော့်အတွက် ဖတ်ရတာအရသာရှိတဲ့ ကဗျာတွေပါရှိပါတယ်။ ဒီကဗျာအမျိုး အစားဟာ ကမ္ဘာအနှံ့မှာလည်း ထွန်းကားလျက်ရှိပါတယ်။ “ကဗျာအစ၊ ခံစားမှုက” ဆိုတာကိုလည်း ဒီနေ့အထိ ပစ်ပယ်လို့ မရသေးပါဘူး။ ဒါပေမယ့် ဒီ “ခံစားမှု” ဆိုတဲ့ စကားလုံးရဲ့ အတိုင်းအတာ၊ အတိမ်အနက်နဲ့ နယ်နိမိတ်ကို စူးစမ်းချဲ့ထွင်ကြရတာပဲပေါ့။

Cerebral ဦးနှောက်၊ အတွေး၊ စိတ်ကူး (ဖြန့်ကျက်မှု) ကို ဦးစားပေးတဲ့ ကဗျာအမျိုးအစားဟာလည်း အရှေ့တိုင်း၊ အနောက်တိုင်း၊ ကဗျာသမိုင်းတလျှောက်လုံးမှာ ရှိနေကြပါတယ်။ ခံစားမှု (ရသ) ပေးခြင်းထက် အတွေး (ရသ) ကို ပုံဖော်ဖွဲ့စည်းပေးကမ်းတဲ့ ကဗျာ မျိုးဖြစ်ပါတယ်။ ခံစားမှုစကားလုံး အသုံးအနှုန်းတွေထက် သိမှုဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ တွေးခေါ်မှုဆိုင်ရာ စကားလုံး အသုံးအနှုန်း တွေ ပိုသုံးစွဲတာ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ စကားပြေရဲ့ သွန်သင်ဆုံးမပြဌာန်းခံ ဆင်ခြင်ယုတ္တိကို တတ်နိုင်သလောက် ဖယ်ရှား ဆန့်ကျင်ပါတယ်။ ခံစားမှုကဗျာမှာ သုံးစွဲတဲ့ ကဗျာပစ္စည်းတွေကိုလည်း သုံးစွဲပါတယ်။ ခံစားမှုကို ပေးဖို့ထက် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတခုဖြစ်တဲ့ စဉ်းစားခြင်း၊ တွေးခေါ်ခြင်း၊ စိတ်ကူးခြင်းတို့ကို ဦးစားပေးတာ ဖြစ်ပါတယ်။ ရှေးရောမခေတ်မှာ ဒဿနကို ကဗျာသုံး နရီတွေနဲ့ ရေးခဲ့ရှိသလို ပြင်သစ် OULIPO ကဗျာသဘောတရား၊ ကဗျာဗေဒကအစ အခု “အတွေးထည်ဗဟိုပြု” Conceptualism ကဗျာတွေဟာ သိမှုဆီဦးတည် တဲ့အတွက် သိမှုရဲ့ဖွားဘက်တော်ဖြစ်တဲ့ ဘာသာစကားနဲ့ ဘာသာစကားရဲ့ ကြွယ် ဝဆန်းကြယ်တဲ့ အလုပ်လုပ်ပုံတေကို ဖော်ဆောင်ကြပါတယ်။ ခံစားချက်ထက် စာသားဖွဲ့စည်းမှုနဲ့ စာသားရဲ့ဖြန့်ကျက်ဆက်စပ်မှုတွေကို အလေးပေးပါတယ်။ Textuality နဲ့ Intertextuality သဘောတွေကို လက်ခံပါတယ်။ “ရင်ဘတ်” ထက် ပညာရပ်၊ ပညာတတ် ဆန်ပါတယ်။ တချိန်တည်းမှာ ခံစားမှုဗဟိုပြုရာ “ငါ” ကို လျှော့လိုက်တာမဟုတ်ရင် ဖယ်ရှားလိုက်ပါတယ်။ စာသားအမျိုးအမျိုးအစား စားကို ကြုံရာကျဘန်းမဟုတ်ဘဲ စည်းစံနစ်တခုထားရှိပြီး ဆက်စပ်ဖွဲ့စည်းတည်ဆောက်တာတွေလည်း ရှိပါတယ်။ ခံစားမှုထက် သိမှု၊ အတွေး၊ စိတ်ကူးဆီ ဦးတည် တဲ့အတွက် ခံစားမှု ကဗျာဖတ်ပရိတ်သတ်တွေကတော့ ဒီကဗျာအမျိုးအစားကို ကြိုက်လေ့မရှိပါဘူး။ ဖယ်ရှားရမယ်၊ ပုတ်ခတ်တိုက်ခိုက်ရမယ် ဆိုတာမျိုးတော့ တဘက်စောင်းနင်း မဖြစ်သင့်ပါဘူး။ လူမှာ နှလုံးသား ခံစားချက်ပဲရှိတာမှ မဟုတ်တာဘဲ။ လူရဲ့ သိမှု၊ သိစိတ်၊ အတွေးတွေနဲ့ အဲဒါတွေကို ဖွဲ့စည်းတဲ့ ဘာသာစကားကို မသိချင်ရင် မသိချင်သလိုနေလို့ ဟန် ဆောင်ရကောင်းရပေမယ့် မရှိဘူးလို့တော့ မျက်စိပိတ်၊ သိစိတ်ပိတ် ငြင်းကွယ်လို့မှ မရတာဘဲ။

အဲဒီတော့၊ “ပေါက်ပင်” နဲ့ “ဂျာအေး” နဲ့ ဘာဆိုင်သလဲ။ “ပေါက်ပင်” နဲ့ “ဂျာအေး” ဟာ ကလေးကဗျာတွေဖြစ်ပေမယ့် ခံစားမှုထက်သိမှု၊ တွေးမှုဘက် ပိုရောက် တယ်လို့ ကျနော်ပြောကြည့်ချင်ပါတယ်။ “ပေါက်ပင်” ဟာ အထက်ကပြောခဲ့သလို ကြောင်းကျိုး ဆင်ခြင် ယုတ္တိနဲ့ဖွဲ့ပြီး၊ ကြောင်းကျိုးဆင်ခြင်ယုတ္တိဆီ သွားသလို၊ “ဂျာအေး” ဟာ အဲဒီကြောင်းကျိုးဆင်ခြင်ယုတ္တိကိုဖျက်ပြီး ကြောင်းကျိုးဆင် ခြင်ယုတ္တိမဲ့ခြင်းဆီ သွားတယ်လို့ ကျနော်အရဲစွန့်ပြောချင်ပါတယ်။ သီမှု သိမှုတည် ဆောက်မှုဆီသွားတယ်လို့ ကျနော်ဆိုချင်ပါတယ်။ ကလေးကဗျာဖြစ်ငြား တွေးစရာဖြစ်ပါတယ်။ အရှိတရားမှာ ကြောင်းကျိုးဆက်စပ် ဖြစ်ပေါ်မှုရှိသလို ကြောင်းကျိုးဆက်မှုမဲ့တဲ့ ဖြစ်ပေါ် မှုလည်းရှိပါတယ်။ accident ဆိုတဲ့ အမှတ်မထင်ဖြစ်ပျက်မှု၊ chance ဆိုတဲ့ ကံအားလျော်စွာ တိုက်ဆိုင်မှုတွေဟာ သာဓကတွေပါပဲ။ အနုပညာမှာလည်း ဒါတွေဟာအရေးပါပါတယ်။ ကြောင်းကျိုးဆင်ခြင် ယုတ္တိကိုဖျက်လိုက်မှ၊ ဒါမှမဟုတ် မတော်တဆဖြစ်ပွားမှုကို သ တိပြုလိုက်မှ အမှတ်မထင် ရှာဖွေတွေ့ရှိသွားတာတွေဟာ သိပ္ပံပညာမှာလည်း ရှိပါတယ်။ အဲသလို အတွေးမျိုးတွေပေးနိုင်တဲ့ ကလေး ကဗျာတွေကို လူကြီးကဗျာတွေမှာကော ရေးလို့မရဘူး လား။ ဆိုလိုတာက ပုံသဏ္ဍာန် form ပါ။ ကလေးကဗျာ form နဲ့ လူကြီး တွေးစရာ မရေးနိုင်ဘူးလား။ ကလေးကဗျာ form နဲ့ပဲ အတွေး၊ သိမှု၊ စိတ်ကူး ဦးစားပေး cerebral ကဗျာ အမျိုးအစားမရေး နိုင်ဘူးလား။ ရေးလို့ ရတာပေါ့။ အဲဒါကို အောက်ပါ ဘာသာပြန်ကဗျာလေးနဲ့ ဥပမာပြပါရစေ။

ရေကန်တိုင်းမှာ အိမ်ရှိတယ်

ရေကန်တိုင်းမှာ အိမ်ရှိတယ်
ပြီး အိမ်တိုင်းမှာ ဖီးဖိုရှိတယ်
ပြီး မီးဖိုတိုင်းမှာ အိုးရှိတယ်
ပြီး အိုးတိုင်းမှာ အဖုံးရှိတယ်
ပြီး အဖုံးတိုင်းမှာ လက်ကိုင်ရှိတယ်
ပြီး လက်ကိုင်တိုင်းမှာ ရိုးတံရှိတယ်
ပြီး ရိုးတံတိုင်းမှာ အဖျားအနားရှိတယ်
ပြီး အဖျားအနားတိုင်းမှာ အတွင်းလိုင်နင်ရှိတယ်
ပြီး အတွင်းလိုင်နင်တိုင်းမှာ နယ်နိမိတ်အစွန်းရှိတယ်
ပြီး နယ်နိမိတ်အစွန်းတိုင်းမှာ အကွဲကြောင်းရှိတယ်
ပြီး အကွဲကြောင်းတိုင်းမှာ ဆင်ခြေလျှောကမူလေးရှိတယ်
ပြီး ဆင်ခြေလျှောကမူလေးတိုင်းမှာ သင်္ချာပုစ္ဆာရှိတယ်
ပြီး သင်္ချာပုစ္ဆာတိုင်းမှာ ဆကွဲကိန်းရှိတယ်
ပြီး ဆကွဲကိန်းတိုင်းမှာ မျက်နှာရှိတယ်
ပြီး မျက်နှာတိုင်းမှာ အတွေးရှိတယ်
ပြီး အတွေးတိုင်းမှာ ထောင်ချောက်ရှိတယ်
ပြီး ထောင်ချောက်တိုင်းမှာ တံခါးရှိတယ်
ပြီး တံခါးတိုင်းမှာ ဘောင်ရှိတယ်
ပြီး ဘောင်တိုင်းမှာ အမိုးရှိတယ်
ပြီး အမိုးတိုင်းမှာ အိမ်ရှိတယ်
ပြီး အိမ်တိုင်းမှာ ရေကန်ရှိတယ်။ ။


အကြောင်းအရာကို ခဏထားပြီး ဖွဲ့စည်းတည်ဆောက်ပုံ ဒီဇိုင်းကိုကြည့်ရင် ပုံသေပုံသဏ္ဍာန်လို့ ထင်စရာရှိပါတယ်။ အဖွင့်ဝါကျကို “ပြီး” သမ္ဗန္ဓနဲ့ဝါကျ ၂၀ ကို ချိတ်တွဲထားပါတယ်။ “- - - - - - - တိုင်းမှာ - - - - - ရှိတယ်” ဆိုတဲ့ ဝါကျပုံစံကိုလည်း ပုံသေယူထားပါတယ်။ ဒီပုံသေဝါကျပုံစံထဲမှာမှ နာမ်တွေကို ထည့်သွင်းထားပါတယ်။ ပထမနာမ်တခုပြီးတိုင်းမှာ “တိုင်း” ဆိုတာ ပါရှိပါတယ်။ ပုံသေ ပုံစံကြီးပေမယ့် ဖတ်ရတာပျင်းစရာ မဖြစ်ပါဘူး။ စကားပြေဖတ်သလို၊ သတင်းဖတ်သလို “ဘာကိုဆိုလိုတာလဲ” ဆိုတဲ့ အကြောင်း အရာဆီ အပြေးအလွှားသွားလိုက်မိရင်တော့ လမ်းမှာပျော်စရာလေးတွေကို ကျော်လွှားသွားမိမှာပါပဲ။ “ကဗျာဆိုတာ ဘာအကြောင်းမှ” ဆိုတဲ့ “ဟဲဗီး” ကိစ္စကြီးတွေပါမလားလို့ အစွဲအလမ်းကြီးခြင်းဆန္ဒနဲ့ ဖတ်လိုက်ရင်လည်း ဖတ်ခြင်းဟာ သဲထဲရေသွန်ဖြစ်သွား နိုင် ပါတယ်။

ဒီကဗျာရဲ့ဖွဲ့စည်းပုံကို နည်းနည်းလေးပို ထဲထဲဝင်ဝင်ချဉ်းကပ်ကြည့်ကြပါစို့။ ပထမဆုံးလိုင်းကို “ရေကန်တိုင်းမှာ အိမ်ရှိတယ်” နဲ့ ဖွင့်လိုက်ပါတယ်။ နောက်ဆုံး ပိတ်လိုင်းမှာတော့ ပထမဆုံးလိုင်းကို အရှေ့အနောက်ပြောင်းပြန်လိုက်တာ တွေ့ရတမှာပါ။ “အိမ်တိုင်းမှာ ရေကန်ရှိတယ်”။ လိုင်းတွေကို “ပြီး” ဝါကျဆက်သမ္ဗန္ဓနဲ့ ဆက်ထားပါတယ်။ ဒီမှာ “ပြီး” ဆိုတာဟာ “ပြီးမြောက်ခြင်း” မဟုတ်သလို “ပြီးနောက်” လည်း မဟုတ်ပါဘူး။ “ပြီးတော့” နဲ့ပိုနီးစပ်ပါလိမ့်မယ်။ “နှင့်” သမ္ဗန္ဓနဲ့ လည်း တူပါတယ်။ “တဆက်တည်း” ဆိုတဲ့အဓိပ္ပာယ်လည်း ရပါတယ်။ “- - - - သောကြောင့်၊ - - - သောကြောင့်၊ - - - သောကြောင့်” ဆိုတဲ့ ကြောင်းကျိုး ဆင်ခြင် ယုတ္တိရဲ့ဒေါင်လိုက်တည်ဆောက်မှုထက် “ - - - နှင့် တကွ၊ - - - နှင့်တကွ၊ - - - နှင့်တကွ” ဆိုတဲ့ တန်ဘိုးတူ၊ ဂုဏ်ရည်တူ ဝါကျတွေကို အလျားလိုက် ဆက်ထားတာနဲ့တူ ပိုတူပါတယ်။ တနည်းဆိုရသော်၊ အထက်အောက် ဖွဲ့စည်းမှုကို ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။စိတ်ကူးထဲမှာ ဒီကဗှာကို ဒေါင်လိုက် စီထားသလိုမကြည့်ဘဲ အလျားလိုက် ဆွဲဆန့်ကြည့်လိုက်ရင် မြင်ပါလိမ့်မယ်။ လိုင်းတွေ ဆက်စပ်ပုံဟာ “ပေါက်ပင်” ထဲကလိုပဲ၊ စကားလုံးတလုံးကိုပဲ နှစ်ခါ သုံးသွားတယ်။ “ပေါက်ပင်” ထဲကလိုပဲ ဝါကျတွင်း ထားသိုမှုကို ပြောင်းလိုက်ပါတယ်။ “- - - အိမ်ရှိတယ်၊ - - - အိမ်တိုင်းမှာ ဖမီးဖိုရှိတယ်၊ မီးဖိုတိုင်းမှာ - - -” လို့ ဆင်ထားတဲ့အသွားကို နောက်ဆုံး “အိမ်တိုင်းမှာ ရေကန်ရှိတယ်” ဆိုတဲ့ အဆုံးသတ်လိုင်းအထိ ဆက်ဆွဲသွားပါတယ်။ အဓိပ္ပာယ်ဆက်စပ်မှုအားဖြင့်တော့ တဖြည်းဖြည်းနဲ့ “ဂျာအေး” နဲ့ တူလာတာ တွေ့ရပါတယ်။ ဆက်စပ်မှုအဓိပ္ပာယ် ပြိုပျက်လာတဲ့သဘောပေါ့။ “အတွင်းလိုင်နင်/ နယ်နမိတ်”၊ “နယ်နမိတ်/ အကွဲ ကြောင်း”၊ “အကွဲကြောင်း/ဆင်ခြေလျှောကမူ”၊ “ဆင်ခြေလျှောကမူ/သင်္ချာပုစ္ဆာ”၊ “ဆခွဲကိန်း/မျက်နှာ”၊ “ဘောင်/အမိုး”။

ကဗျာတပုဒ်ကို ဘာသာစကားနဲ့ (ရွေးချယ်) ရေးဖွဲ့တာဖြစ်တဲ့အတွက် ကဗျာတပုဒ်မှာပါရှိတဲ့ စကားလုံးတိုင်းကအစ ပုဒ်၊ ပုဒ်စု၊ ဝါကျ ဆိုတဲ့ သဒ္ဒါပိုင်းအသံပိုင်းနဲ့ အတ္ထအနက်အဓိပ္ပာယ်ပိုင်းတို့ကို အလေးထားဖတ်ရမှာပဲ ဖြစ်ပါတယ်။ ကဗျာကို စကားပြေဖတ်သလို မဖတ်ဖို့ အရေးကြီးပါတယ်။ ဒီအထက်ပါ ဘာသာပြန် ကဗျာကို လျှပ်ပေါ်လောလည် ဖတ်သွားလို့ ရသသလို တလိုင်းပြီးတလိုင်း သတိထားပြီးဖတ်သွားလို့လည်း ရပါတယ်။ လှေကားထိပ် သို့မဟုတ် အောက်အလျင် အမြန် ရောက်ချင်လို့ ပြေးတက်ပြေးဆင်းသွားလို့ လိုရင်းရောက်သလို တထပ်စီမှာ ရပ်မှန်းသိ၊ နောက်တထပ်ဆီ ကူးမှန်းသိရင် ပိုကောင်းမလားလို့ပါ။ “ရေကန် တိုင်းမှာ အိမ်ရှိတယ်” ဆိုတဲ့ အဆိုဝါကျကို ဘယ်လိုကိုင်တွယ်ရမလဲ။ အဟုတ်အမှန်ပြောတဲ့ အမှန်ဝါကျလို့ပဲ လက်ခံလိုက်ရမလား။ ရေကန်တိုင်းမှာ အိမ်ရှိ သလား။ ဥပမာ - အင်းလေးကန်၊ မိတ္ထီလာကန်၊ ရိရေကန်၊ ကန်တော်ကြီး၊ အောင်ပင်လယ် စသည်တို့ကို စိတ်ထဲ၊ သိမှုထဲ ပြေးလွှားကြည့်မိတယ်။ ပြီး ကမ္ဘာမှာ ရှိတဲ့ အခြားကန်ကြီးတွေ။ အိမ်တိုင်းမှာ မီးဖိုရှိပြီး မီးဖိုတိုင်းမှာ အိုးရှိတာ ထားပါဦး၊ အိုးတိုင်းမှာ အဖုံးရှိလား။ အဖုံးတိုင်းမှာ လက်ကိုင်ရှိလား။ အဲသလိုနဲ့ ဆက်တွေး လိုက်တာ လမ်းမှားတွေ၊ လမ်းပိတ်တွေထဲရောက်သွားသလိုပါပဲ။ အဓိပ္ပာယ်ဟာ ဖရိုဖရဲဖြစ်လာပါတယ်။ ဆင်ထားတဲ့ အဆောက်အအုံ ဒီဇိုင်းမပျက်ပေမယ့် ပြော တဲ့အကြောင်းအရာတွေဟာ အဓိပ္ပာယ်အဆက်အစပ်မဲ့သလို ဖြစ်ဖြစ်လာပါတော့တယ်။ ဖတ်ခြင်းဟာ မချောမွေ့တော့ဘဲ အတားအဆီးရှေ့မှာ တွန့်ဆုတ်တွန့် ဆုတ် ဖြစ်လာပါတော့တယ်။ တံခါးတိုင်းမှာ ဘောင်ရှိတာတော့ ဟုတ်ပါပြီ၊ ဘောင်တိုင်းမှာ အမိုးရှိသလား။ အိမ်တိုင်းမှာ အမိုးရှိ (ရ) ပေမယ့် “အမိုးတိုင်းမှာ အိမ်ရှိ တယ်” ဆိုတော့ “အရိုးတိုင်းမှာ လူရှိ” သလို အူကြောင်ကြောင်ဖြစ်သွားပါတယ်။ ဝါကျတည်ဆောက်မှု မှန်ပေမယ့် အဓိပ္ပာယ်တည်ဆောက်မှုဟာ အံချော်နေသ လို၊ လွဲမှားနေသလိုဖြစ်သွားပါတယ်။ ယုတ္တိကွင်းဆက် ပြုတ်ပြတ်ထွက်သွားသလိုပါပဲ။ နောက်ဆုံးလိုင်းရဲ့ “အိမ်တိုင်းမှာ ရေကန်ရှိတယ်” ဆိုတော့ သွားပြီ။ ရေချိုး ခန်းထဲမှာ ရေလှောင်ထားတဲ့ ကန်ရှိရင် ရှိမယ်။ ဒါပေမယ့် မြေပတ်လည်ဝိုင်းနေသော ရေကန်တော့ ရှိချင်မှရှိမှာပါ။ အိမ်တိုင်းမှာတောင် ရေလှောင်ကန် ရှိချင်မှ ရှိမှာပါ။ ဒီတော့ ဒီကဗျာဟာ ဘာလုပ်နေတာလဲ။ ဖတ်သူကို ကလိတိတိနဲ့ ကညော့တော့တော့ လုပ်နေတာလား။

သေချာ (တယ်ထင်ရ) တာကတော့ ဖတ်သူကို ခေါင်းစားအောင် လုပ်နေတာပါပဲ။ ခံစားမှုကဗျာပြေးဖတ်လိုက်ရင်တောင် “သြော်၊ ဒီလိုပါလား” လို့ အလွယ်တကူ သိနိုင်သေးတယ်။ ခံစားတာ၊ မခံစားတာအပထားပြီး သိနိုင်သေးတယ်။ ဖတ်ရ/စုပ်ယူရ လွယ် သေးတယ်။ ဒီကဗျာကတော့ ရိုးစင်းလွယ်ကူသယောင်နဲ့ ဖတ် ရ/စုပ်ယူရ ခက်နေပါတယ်။ အလွယ်တကူ စုပ်ယူခြင်းကို ဆန့်ကျင်တဲ့ non-absorptive ကဗျာမျိုးလား။ ခံစားဖို့ထက် စဉ်းစားခိုင်းတဲ့ ကဗျာမျိုးလား။ ဘာသာစကားသုံးစွဲပုံဟာလည်း ပုံမှန် ကြောင်းကျိုးယုတ္တိ ဆင်ခြင်မှုကို ဆန့်ကျင်သယောင် ရှိပါတယ်။ “အဖျားအနားတိုင်းမှာ အတွင်းလိုင်နင်ရှိတယ်”၊ “နယ်နိမိတ် အစွန်းတိုင်းမှာ အကွဲ ကြောင်းရှိတယ်”၊ “အကွဲကြောင်းတိုင်းမှာ ဆင်ခြေလျှောကမူလေးရှိတယ်”၊ “ဆင်ခြေလျှောကမူလေးတိုင်းမှာ သင်္ချာပုစ္ဆာရှိတယ်”။ တ ဖြည်းဖြည်းနဲ့ ဆူရီယလ်ဆန်လာပါတော့တယ်။ သရုပ်လွန်လာတယ်၊ လျော့လာတယ်၊ ပွလာတယ်၊ ပြဲလာတယ်၊ ပျက်လာတယ်။

ဘာအကြောင်းပြောနေတယ်ဆိုတာထက် ဘယ်လိုပြောနေတယ်ဆိုတာကိုများ အချက်ပြနေသလား။ တပုဒ်လုံးဖတ်ပြီးတဲ့အခါ အ ကြောင်းအရာရယ်လို့ ဟုတ်တိပတ်တိ မတွေ့ရပါဘူး။ ပြောပုံကျတော့လည်း ပုံစံတခုအသေချထားပေမယ့် အဲဒီချထားတဲ့ပုံစံထဲမှာလည်း ဆက်စပ်လို့မရတာတွေ ထည့်သွင်းထားတယ်။ ပုံသဏ္ဍာန်ပဲရှိတယ်။ အနှစ်သာရ မရှိဘူးဆိုတာကိုများ ရည်ရွယ်နေရော့သလား။ ဝါကျတွေဟာလည်း ပုံစံမှန်ပေမယ့် အဓိပ္ပာယ်ပြုလုပ်မှုတွေ လွဲနေတယ်။ ဝါကျဆက်တွေမှာလည်း “ပြီး” သမ္ဗန္ဓနဲ့ဆက်ပေမယ့် တ ကြောင်းနဲ့တကြောင်းဟာ စကားလုံးအဆက်အစပ်ပဲ ရှိတယ်။ အဓိပ္ပာယ်အဆက်အစပ်မရှိပြန်ဘူး။ အစကပြောတဲ့စကားဟာလည်း အဆုံးပြောင်းပြန် ဖြစ်သွားတယ်။ တကယ့် “ဂျာအေး” ပဲ။

ဒါပေမယ့်၊ ဒီကဗျာရဲ့ ရည်ရွယ်ချက်က ဘာပါလိမ့်။ အကြောင်းအရာအားဖြင့် အာဘော်တခုခုကို ရည်ရွယ်တာတော့ မဟုတ် လောက်ဘူး။ ဒါဆိုရေးဖွဲ့တင်ပြပုံ အားဖြင့် တခုခုကိုများ ရည်ရွယ်နေသလား။ ဒီကဗျာကို အပေါ်ယံဖတ်ရင် အပေါ်ယံအသိ (လိုလို) ပဲရပြီး အသေးစိတ်တလိုင်းပြီးတလိုင်းဖတ်သွားတော့ ဘာသာစကား (နဲ့အဓိပ္ပာယ်ပြုလုပ်ပုံ) သို့မဟုတ် အဓိပ္ပာယ်ပြလုပ်သလိုလိုနဲ့ အဓိပ္ပာယ်မပြုလုပ်ပုံကို သွားမြင်ရပါတယ်။ အရွက်တွေဖယ်လိုက်တော့ အရိုးကိုသွားမြင်ပါတယ်။ အဲဒီအရိုးဟာလည်း သဘာဝအရိုး မဟုတ်ဘဲ တည်ဆောက်ထားတဲ့ အရိုးဖြစ်နေပြန်တယ်။ ဒီကဗျာဆိုတဲ့ စာသားဟာ တည်ဆောက်ထားတဲ့ အရာကြီးပါလား။ စာသား ဆိုတာ တည်ဆောက်ထားတဲ့ပစ္စည်းပါလား။ ဘယ်လိုတည်ဆောက်ထားသလဲ၊ ဘာနဲ့တည်ဆောက်ထားသလဲ၊ ဘာရည်ရွယ်ချက်နဲ့ တည်ဆောက်ထားသလဲ၊ ဘာကို ဘယ်လိုလုပ်ချင်/ဖြစ်စေချင်လို့ ဘယ်လိုတည်ဆောက်ထားသလဲ။ အဲသလိုဆိုရင် စာသားဟာ မ “ရိုးသား” တော့ဘူး။ စာသားကို “ရိုးရိုးသားသား” ဖွဲ့စည်းတည်ဆောက်တာ မဟုတ်တော့ဘူး။ သူ့မှာ ရည်ရွယ်ချက်ရှိတယ်။ အဲဒီ ရည်ရွယ်ချက်က ဘာလဲ။

ဒီကဗျာကတဆင့် အခြားကဗျာတွေ၊ အခြားစာသားတွေ၊ အခြားအရေးအသားတွေ၊ အခြားအပြောအဆိုတွေ၊ အခြားဆက်သွယ်မှု နည်းစနစ်များအရ အခြားဆက် သွယ်မှုတွေ ….။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းပြောခဲ့တဲ့ စကား လေးကို ကြီးကြီးမားမား မှတ်မိနေပါသေးတယ်။ “သမိုင်းသင် ရတာ လူတွေ မအအောင်” တဲ့။ ဒီကဗျာလေးဟာလည်း ဖတ်သူတွေ “မအအောင်” များ ရည်ရွယ်နေရော့သလား။ ဆက်သွယ်မှု မီဒီယာတွေနဲ့ ပတ်သက်လို့၊ အပြောအဆို အရေးအသား စာသားတွေ နဲ့ပတ်သက်လို့ “မအအောင်”၊ စဉ်းစားတတ်အောင်၊ ဘုမိသဘမသိ အသုံးချမခံလိုက်ရလေအောင်များ ရည်ရွယ်ညွှန်း ဆိုနေရော့ သလား။ “အိမ်တိုင်းမှာ မီးဖိုရှိ” တာ မှန်ပေမယ့် “အိမ်တိုင်းမှာ ရေကန်ရှိ” တာကော အပြည့်အဝမှန်ပါသလား။ ခပ်တည်တည် ညာဝါးနေတာများ ဖြစ်နေမလား။ အထူးသဖြင့် ကြော်ငြာဆိုတဲ့ ပေါ်ပြူလာအဖြစ်ဆုံး၊ လူတွေကြားအရောက်ဆုံး မီဒီယာစာသားတွေ (ရုပ်ပုံ၊ အသံ၊ ဘာသာစကား)။

ဒီဆောင်းပါးဟာ “ပေါက်ပင်” နဲ့ “ဂျာအေး” နဲ့ စခဲ့ပေမယ့်၊ “ပေါက်ပင်” ကို ကြောင်းကျိုးစီပြောတာဟာ “ဂျာအေး” လို လည်နေတာ မျိုးတော့ မဖြစ်စေလိုပါဘူး။ အထက်ပါ ဘာသာပြန်ကဗျာလေးဟာ အမေရိကန်ဘာသာစကား ကဗျာဆရာ ချားလ်စ် ဘန်းစတိုင်းန်ရဲ့ ကဗျာဖြစ်ပါတယ်။ မူရင်းကို အောက်မှာဖော်ပြထားပါတယ်။

Every lake has a house
& every house has stove
& every stove has a pot
& every pot has a lid
& every lid has a handle
& every handle has a stem
& every stem has an edge
& every edge has a lining
& every lining has a margin
& every margin has a slit
& every slit has a slope
& every slope has a sum
& every sum has a factor
& every factor has a face
& every face has a thought
& every thought has a trap
& every trap has a door
& every door has a frame
& every frame has a roof
& every roof has a house
& every house has a lake


Charles Bernstein

ဇေယျာလင်း
28, April, 09

ရုပ်ရှင်တေးကဗျာ အတွဲ(၂၅) အမှတ်(၁၀) ၂၀၀၉ အောက်တိုဘာလ




Read More...

Thursday, November 26, 2009

I love u

အောက် က ကြွက်ကလေးကို သူငယ်ချင်းတစ်ယောက်ရဲ့ PCထဲမှာ တွေ့တွေ့ချင်း သဘောကျတာနဲ့ ကော်ပီးကူးလာတယ် ။အခု အမှတ်တရ ဖြစ်နေအောင် တင်ထားလိုက်တော့တယ်။

ဘယ်နေရာက ရတယ် ..ညာ ဘာတော့ မသိဘူး ..တင်ထားလိုက်ပြီ။

Read More...

Related Posts with Thumbnails