ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Monday, July 6, 2009

ကျွန်တော်တို့ သူငယ်ချင်းများသည်

ဤအက်ဆေးလိုလိုစာပုဒ်သည်ကျွန်တော်တို့သူငယ်ချင်းများအတွင်း ရှိတတ်သော သဘာဝအစစ်အမှန်များကို ပုံဖော်ထားခြင်းသာ ဖြစ်ပါသည်။
ကျွန်တော်တို့သူငယ်ချင်းများ (အတော်များများ)၏ အမေတို့သည် ပါးရေနားရေ တွန့်နေကြပါပြီ။ဖုန်/မြေမှူန့်ထူထူထဲထဲကြား၌မှောင်မှောင်မည်းမည်း တစ်သက် လုံးနေလာခဲ့ရသည်။ကျွန်တော်တို့နှင့် စကားပြောတိုင်း မျက်ဝန်းသူငယ်အိမ်တို့ ငယ်နေတတ်ကြသည်။အကြောင်းတစ်စုံတစ်ရာကြုံလာတိုင်း လက်မှတ်ထိုးပါဟု ဒိုင်ယာဂရမ်ဘောက်စ်ထဲ လက်ညိုးထောက်ပြသောနေရာတွင် ကြက်ခြေခတ် ရုံသာ ခတ်တတ်ကြသည်။
ကျွန်တော်တို့ အမေ့သားများ ပီသကြသည်။ကြီးသည့် ခြေရာကို သတိပြုမိ တတ်ကြသည်။ငယ်သောခြေရာကို သေးသေးထင်တတ်ကြသည်။ မြေမှုံ့ဖုန်မှုံ့တို့ကို ရွံရှာတတ်ကြသည်။အမေတို့ ကမ္ဘာရှိ နွားစားကျင်းကို လှေလိုလိုဟာ -ဟု ထင်ချင်ကြသည်။အစက ကြီးကြီး ထင်လာခဲ့သမျှ တဖြေးဖြေး သေးသေးလိုက်လာသည်ကို အရသာခံမြင်ချင်သည်။တရိပ်ရိပ် ပြေးလွှားဖြတ်ကျော်ရင်း ဘာမှထင်ကျန်မနေရစ်ခဲ့ခြင်းကိုပင် ပိရိတကား-ဟု
ကျေနပ်ချင်ကြသည်။အပေါ်ကိုင်းကို လှမ်းလှမ်းဆွဲခိုရင်းအောက်ကိုင်းကို အားထည့်ထည့် ကန်ထားရစ်ခဲ့ရသည်ကို ခံတွင်းတွေ့သည်။တာဝန်မယူချင် မျက်နှာလွဲ ခဲပစ်ထားခဲ့၍ ပေါ့ပါးလာခဲ့သော ဝန်ထုပ်တွေအတွက် ပေါ့ပါးလှ ပါပေ့-ဟု ဖြတ်လတ်တက်ကြွသည်။အိမ်နှင့် ဝေးခဲ့ရသော ခုနှစ်များသက္ကရာဇ် များကို ပြန်ရေတွက်ဖို့ အချိန်ပေးရမှန်းမသိ ပြန်မရေတွက်ဖြစ်ခြင်းကိုပင် ဂုဏ်ယူတတ်ကြပြန်သည်။
ကျွန်တော်တို့သည် ကစားကွင်းအတွင်း စုပေါင်းကစားနေကြသော ကစား သမားများ ဖြစ်ကြပါသည်။အနိုင်ရရန် စိတ်ချင်းညီညွတ်စွာကြိုးစား ကြသော်လည်း ၉၆-သူရဲကောင်း ရိုမာရီယိုနှင့် ဘီဘီတိုတို့ကဲ့သို့ ကွင်းအ ပြင်တွင် အချင်းချင်း စကားပြောချင်မှ ပြောကြလိမ့်မည်။ ကျွန်တော်တို့ သူငယ်ချင်း များအတွက် လိုက်နာရန် စည်းမျဉ်းတစ်ခုပြောထားအံ့။ယင်းသည် လုပ်ဆောင်ရန် လွန်ကျူးရန် လမ်းညွှန်ချက်သဖွယ်ဖြစ်လာသည်။ တကယ် တမ်းတွင်မူ ကျွန်တော်တို့ သူငယ်ချင်းများသည် ကောင်းကင်ကြီး ပိတ်ဆီး မထားသော်လည်း ကြယ်စုံမစုံကို သတိထားတတ်သူများ မဟုတ်ကြ။ညတွေ ကုန်ဆုံး ကုန်ဆုံး သွားသော်လည်း လရောင် လင်း မလင်း ခံစားမိသူများ မဟုတ်ကြ။ လေပြေ သွေးးသော်လည်း ,စမ်းရေ အေးသော်လည်း အညွှန့်ဝေရမှန်း မသိ၊ အခက်ဖြာရမှန်း မသိ တုံးတိတိ သစ်ငုတ်များသာ ဖြစ်နေကြသည်။ အတွင်း လှိုက်ပုပ်ဆွေး နံဆော် အရိအရွဲ ယိုကျ အမာရွတ်ပေါ် အမာရွတ်ထပ် အရပ်မျက်နှာစုံလေကြောင့် ယိမ်းယိုင်တတ်သူများသာ ဖြစ်ကြသည်။ အခြေခိုင်သူများ မဟုတ်။ကိုယ့်ကိုယ်ကို ပြန်တွေး လက်ခံရန် သတ္တိမရှိသူများ သာ ဖြစ်ကြသည်။အမေ့ကိုယ်ရနံ့၏ တန်ဖိုးကို တန်ဖိုးထားတတ်သူများ မဟုတ်။တစ်ဘဝထဲတွင်အကြိမ်ကြိမ်သေးဆုံးတတ်ကြသူများလည်းဖြစ်ကြ၏။ တစ်ဘဝပြီး တစ်ဘဝလည်း ထပ်ကာ တလဲလဲ သေဆုံးနေကြဦးမည့် သူများသာ ဖြစ်ကြသည်။
ဤအက်ဆေးသည် ကျွန်တော်တို့ သူငယ်ချင်းများအတွင်း ရှိတတ်ကြသော သဘာဝအချို့ကို ပုံဖော်ထားခြင်းသာ ဖြစ်ပါသည်။
၃၊၆၊၂၀၀၉။

No comments:

Post a Comment

Related Posts with Thumbnails