ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, August 13, 2009

ကောခဲ့တဲ့ မြစ်တွေ

ခေတ်ဦး ပျို မြစ်ချိန်တွေက မိခင်ကမ္ဘာမြေဟာ
လိုအပ်တဲ့ အစာ အာဟာရ စုံလင်စွာ ဖြည့်တင်း စုစောင်းနိုင်ခဲ့မယ်
တဝင်းဝင်း တလဲ့လဲ့ လင်းခဲ့ လွင်ခဲ့မယ်
လန်းဆန်း တက်ကြွမှုတွေနဲ့ အားမာန် ပြည့်ရှိခဲ့မယ်
တသိမ့်သိမ့် တငြိမ့်ငြိမ့် သာယာစွာ လွင့်မျော လာခဲ့တယ် . . .
အခုရော . . . . . . . . .
အားအင် ဆုပ်ယုတ်နေတဲ့ အမေအို
အစွမ်းကုန် ညှစ်ထုတ်နိုင်သမျှ ကုန်းရုန်း ပေးဆပ်နေဆဲ အမေအို
အမေ့ ကိုယ်ပေါ်မှာ အလို အပ်ဆုံး အမွန်မြတ်ဆုံး အသက်ဝင် စီဆင်းခဲ့ဖူးတဲ့
မြစ်တွေ ကောခဲ့ အမာရွတ်တွေသာ ထင်ကျန်နေခဲ့ပြီ။



"ကမ္ဘာပေါ်မှာ အစာ အာဟာရ ပြတ်လို့ သေရသူတွေထက်
တိုက်ပွဲ အမျိုးမျိုးကြောင့် သေခဲ့ရသူတွေ ထက်
မေတ္တာငတ်လို့ သေကြရသူတွေက ပိုများခဲ့ "သတဲ့
အမှန်မြင် သူတော် စင် နှလုံးသွေးတသွင်သွင်နဲ့ မြွက်ဟခဲ့။

သက်ရှိ သတ္တဝါ ဟူသမျှ အစာ လေးမျိုးနဲ့ ရှင်သန်ရ
(၁)ရုပ်အစာ အာဟာရအစားအစာ
(၂)မခွဲခြား ပေါင်းစည်းပေးတဲ့ ဖဿာဟာရ
(၃)သိမြင်ပေးနိုင်တဲ့ အာဟာရ
(၄)စေတနာကောင်း လှုံ့ ဆော်မှုကောင်း ဆိုတဲ့ အာဟာရ
္ကဤသို့ မြတ်ဗုဒ္ဓ မိန့်သနားခဲ့၏။

အို မြင့်မြတ်လှတဲ့ ကမ္ဘာမြေ အမေ
အမေရဲ့ ပေးဆပ်နိုင်စွမ်းကို ဦးညွှတ်ပါ၏
အမေ့ ပေးဆပ်နိုင်ခြင်းသည် ကျနော်တို့ အတွက်
အနိမ့်ကျဆုံး မလို အပ်လှဆုံး အစာတစ်ခုသာ ဖြစ်နေခဲ့ပါ၏
အမေ့ ရင်ခွင်၌ အရေးကြီး မြစ်တို့ ကောခဲ့ပြီ။

ရှင်သန်မှုအတွက် အလိုအပ်ဆုံး အာဟာရများ
မေတ္တာ စေတနာ နားလည်မှု စာနာထောက်ထား ငဲ့ညာခြင်း
အသိပညာ အတတ်ပညာ ထိုးထွင်းသိမြင်နိုင်ခြင်း
အဂတိကင်းရှင်း သာတူညီမျှ အမြင် ကျောသားရင်သား မခွဲခြား
ကောင်းချင်း အဝအဝ တို့ စီးဆင်းခဲ့ရာ မြစ်များ
အမေ့ရင်ခွင် မှာ ကောနေခဲ့ပြီ
မြစ်တွေရဲ့ နေရာမှာ အမေ့ကျောပြင်ကြီးပေါ်မှာ
မြစ်ကောဒဏ်ရာ အမာရွတ်တွေ အဖွေးသား
ဒဏ်ရာ မကျက်တကျက် ပြည် တရွဲ ရွဲ အနာတွေ ပြန့်ကျဲ






လက်နက် အာဏာ အုပ်စုဖွဲ့ အင်အားပြ ခြိမ်းခြောက်မှု
အမြတ်ထုတ် နိုင်ရာစား အဝေမတည်မှု
ဆန်းသစ်နိုင်သမျှ မတရားနည်းလမ်းများစွာ အသုံးပြုခဲ့ကြပြီး
စဉ်းလဲ နိုင်သမျှသော ဥာဏ်နီ ဥာဏ်နက်တို့ ရဲ့
အဟုန်ပြင်းပြင်းမြစ်တွေ စီးနေ . . . . . .

အို အမေ မိခင် ကမ္ဘာမြေ
အမေ့ ရင်ခွင်မှာ အလို အပ်ဆုံး အမွန်မြတ်ဆုံး မြစ်တွေ
ကောခဲ့တာ ဘယ်သူမှ အသိအမှတ် မပြုတော့ဘူးလား
ကောနေတဲ့ မြစ်တွေ ပြန် အသက်မဝင်နိုင်တော့ဘူးလား
အရေးတကြီး လိုအပ်နေတယ် အမေ . . . . . .။

nweminthit

No comments:

Post a Comment

Related Posts with Thumbnails