သံသယတွေဟာ
လူတစ်ယောက်ကို ရူးမိုက်နေသူလို့မြင်သွားစေတယ်
သစ္စာကတိတွေကို ချိုးဖျက်နေသူလို့မြင်သွားစေတယ်
မျက်စိကိုပက်လိုက်တဲ့ အက်ဆစ်လို သံသယ
ယုံကြည်မှုကိုလောင်ကျွမ်းပစ်တဲ့ လောင်စာလို သံသယ။
သံသယတွေဟာ
အဆုံးစွန်ချစ်ကြတဲ့ချစ်သူတွေကို အစွန်းတစ်ဖက်စီပို့ပစ်နိုင်တယ်
ဆုပ်ကိုင်ထားတဲ့မိတ်ဆွေတွေရဲ့လက်နှစ်ဖက်ကို တိတိရိရိပြတ်သွားစေနိုင်တယ်
ချစ်ခြင်းအိမ်ကို တိုက်ခတ်ပစ်တဲ့မုန်တိုင်းလို
သံသယ
ရင်းနှီးမှုကို ဖြတ်တောက်ပစ်တဲ့အရာတစ်ခုလို
သံသယ။
နှစ်ဆယ့်တစ်ရာစုမှာ လူလူချင်းဆက်ဆံမှုကို ယုံကြည်စိတ်နဲ့ တည်ဆောက်ရမတဲ့ သံသယတွေ မရှိမှဖြစ်မယ်
သံသယတွေကို စိတ်ထဲကမောင်းထုတ်ပစ်ရမယ်
သူဟာ အကြိမ်ကြိမ်အော်ဟစ်ရင်း ရုတ်တရက် လဲကျသွားတယ် သံသယကရယ်တယ် သူ့နောက်ကျောမှာ ထိုးစိုက်နေတဲ့ ဓါးကိုကြည့်လို့။ ။
လင်းဆက်နောင်
(၃၊ဇွန်၊၂၀၀၉)
No comments:
Post a Comment