ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Monday, August 10, 2009

Mind Power


လူတိုင်း အတ္တရဲ့ မောင်းနှင်မှုအောက်မှာ ခရီးရှည်တွေကို ဖြတ်သန်းလာကြတယ်။အတ္တဟာ သိတတ်စ အရွယ်က စပြီး ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ကိုယ်ပဲ အဓိ ကိုယ်ပဲ ဇာတ်လိုက် အဖြစ် ထင်လာခဲ့တယ်။ဒါလေးကိုပဲ အတ္တလို့ ကျနော် ထင်တယ်။ဝတ္ထု တစ်ပုဒ်ကို ဥပမာကြည့်ပေါ့။ဆရာဘုန်းနိုင်ရဲ့ နွေကန္တာဦး ထင်ပါတယ်။"မောင်"က ဇာတ်လိုက်ကြီးပေါ့။ကိုဘခက်တို့ မခင်မေတို့ကတော့ ဇာတ်ရံတွေပေါ့။(နာမည်တွေလဲ သိပ်မသေချာဘူး D:)စာအုပ်ဖတ်ချိန်မှာတော့ ကိုယ်က ဇာတ်လိုက်နေရာက ဝင်စား ခံစားပြီး ဖတ်ပစ်တာပဲ။ဒါကိုပဲ အတ္တလို့ ကျနော် ထင်တယ်။လက်တွေ့ ဘဝထဲမှာလဲ ကိုယ်တိုင်လူတိုင်းလိုလို ကိုယ့်ဘဝ ကိုယ်ကတော့ ဇာတ်လိုက်ပဲ တပြားမှ မလျော့နိုင်ဘူး၊ဒါ အတ္တ ထင်ပါတယ်။အသက် ၁၀ နှစ်လောက်ထိ ဖြစ်မယ် အဲလို ထင်လာခဲ့တာ။နောက်ပိုင်း မှ ပြန်တွေးကြည့်ပြီး သတ်မှတ်ကြည့်တာလေ သေချာတော့ မဟုတ်နိုင်ဘူးပေါ့။
နောက်သည့်ထက်ကြီးလာတဲ့ အရွယ်မှာတော့ မာန်လေးပါလာတယ်။၁၀ နှစ်တာ လမ်းမှာ ကိုယ့် အောက် နိမ့်တဲ့သူ ရှိသလို ကိုယ့် ထက်သာတဲ့ လူလဲ ရှိပါလား ဆိုတဲ့ သတ်မှတ်ချက်တွေ အလိုလို သင်ယူခဲ့ရပြီ။ကိုယ်တစ်ယောက်ထဲ ဇာတ်လိုက်ထင်နေရာကနေ အပြိုင်ဇာတ်ကောင်တွေ ဝင်လာပြီ။စာမေးပွဲက အစ လူမှုရေးရာ အားလုံး။
ကိုယ်က သာစေချင်တဲ့ အတ္တမာန်လေး ဝင်လာတယ်။အတ္တတော့ အတ္တ မာန်လေး တွဲလာတယ်။အတော်ချစ်စရာကောင်းတဲ့ မာန်လေး။ဒီမာန်လေးက ဘဝမှာ ဘာကို့ ဖြစ်ဖြစ် အကောင်းဆုံး လုပ်နိုင်မယ် ထိပ်ဆုံးထိ ကိုယ်ကိုယ် ကို ရောက်အောင် တင်နိုင်မယ်လို့ ထင်စေတယ်။လူတိုင်းကို အောက်ကြို့ မခံချင်တဲ့ စိတ်နဲ့ ကြိုးစားချင်လာတယ်။နောက် အတ္တ အဆင့် မာန်အဆင့်လေးကနေ တက်ကြွစိတ်လေးပါ ပါလာတယ်။လူငယ်စိတ် ပြောရမလား။အတ္တပါတယ် မာန်ပါတယ် တက်ကြွနေတယ်။လူမှုရေးရာ စီးပွားရေးရာ "ငါလုပ်ရင် ဖြစ်ရမယ်"။အခုအချိန်လေး အတွင်းမှာ ဘဝရဲ့ အရေးကြီးတဲ့ အဖြစ်အပျက်လေးတွေ ဖြစ်လာလေ့ရှိတယ်။အကြောင်းအမျိုးမျိုးကြောင့် ဒီစိတ်လေး တိုးလာတာ ပျောက်သွားတာတွေ ဖြစ်နိုင်တယ်။ ရှေ့ တစ်လျောက်လုံးလဲ ဒီစိတ် အရှိန်နဲ့ ဆက်သွားတတ်သလို ဒီစိတ်ကို ပြန်သုံးသပ် ပြန်ဖြေသိမ့်ရင်း ဆက်သွားရတာမျိုးလဲ ရှိမယ်။
လူငယ်တွေက စိတ်ထင်တဲ့ အတိုင်းဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ Mind Powerကို အသေ ဆုပ်ကိုင်ကြတယ် ခေတ်တိုင်းပဲ။လူကြီးတွေကတော့ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ ခရီး အရ လူငယ်တွေရဲ့ မာန်လေးကို လမ်းကြောင်းတည့်ပေးချင်ကြတယ်။လူငယ် လူကြီး ထိပ်တိုက်တွေ့တဲ့ တိုက်ပွဲ တွေ စပါပြီ

ခေတ်တိုင်းပဲ။ဒီနေရာမှာ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့ သူ့ အဖေတို့ရဲ့ စကားအချီအချလေးကို ဖတ်ကြည့်ပါ။
သူငယ်ချင်းရဲ့ အဖေ။ ။မိဘစကား လူကြီး စကားနားမထောင်တဲ့ မင်းတော့ ကြီးပွားဖို့ မလွယ်ဘူး။
သူငယ်ချင်း ။ ။အဖေ လျောက်မပြောပါနဲ့၊မိဘစကားနားမထောင်လို့ ကြီးကြီးကျယ်ကျယ်
အောင်မြင်ခဲ့တာတွေလဲ ရှိပါတယ်။
အဖေ။ ။ကဲ ပြော စမ်းပါဦး။ဘယ်သူရှိလို့လဲ။
သူငယ်ချင်း။ ။ဂေါတမဘုရားလေဗျာ။သူသာ လူကြီး စကားနားထောင်ပြီး လူကြီးတွေ စီစဉ်တဲ့
အတိုင်းနေခဲ့ရင် ဘုရားတောင် ဖြစ်လာမှာ မဟုတ်ဘူး။
အဖေ။ ။ငါ . . တယ် . . ဒီကောင် . . . . .။
(ဒီသူငယ်ချင်းလေးလဲ အခုတော့ဆုံးသွားရှာပါပြီ)
ပြောချင်တာက လူငယ်တွေဟာ အဖြစ်ဘက်ကို ဦးတည်တဲ့ မာန်နဲ့ အရာရာကို ကြည့်တတ်တယ်။ တကယ်လက်တွေ့ ဖြတ်သန်းခဲ့ဖူးတဲ့ လူကြီးတွေက လမ်းရဲ့ အထာကို သိတယ်။လူငယ်တွေလောက် မာန်မရှိတော့ဘူးလို့ လူငယ်တွေက ထင်ကြတယ်။လူငယ်ရော လူကြီးရော ဆက်တော့ သွားနေကြတာပါပဲ။ကိုယ့် အမြင်နဲ့ ကိုယ်ပေါ့။အကို တစ်ယောက်ရဲ့ မာန်ကျသွားပုံကို ပထမဆုံး သတိထားလိုက်မိတယ်။အကို့ အတွက် တွေးပြီး စိတ်မကောင်းဖြစ်သွားမိသေးတယ်။တကယ်က မာန်ချတာ မဟုတ်လောက်ပါဘူး အဆင့်တက်ပြီး လမ်းကြောင်း တစ်ခုရွေးသွားတာ ဖြစ်မယ်လို့ အခု ပြန်တွေးမိပါတယ်။
ပြန်ချုပ်ရရင် Mind Powerဆိုတဲ့ခေါင်းစဉ်နဲ့ ကိုက်ချင်မှ ကိုက်လိမ့်မယ်။လူငယ်တွေရဲ့ မာန်ဆိုတာကို အသိအမှတ်ပြုချင်တာပါ။အဲဒီမာန်လေး တစ်လျောက်လုံးဆက်ထိန်းသွားစေချင်တာ။အဲဒီယုံကြည်မှုလေးနဲ့ အလုပ်တွေ ဆက်လုပ်သွားစေချင်တယ်။အပေါ်စီက ပြောပြောနေတဲ့ လူကြီးတွေရဲ့ စကားတစ်ခွန်း ကြားနေတယ် "မင်းတို့ ငယ်ပါသေးတယ်"။အဲဒီအသံဆီ ကိုယ်တိုင် မရောက်ခင် အထိ မာန်ရှိနေဦးမယ် ထင်တယ်။ကျနော် အနေနဲ့လဲ ဒီမာန်လေး အချိန်တိုင်း လူတိုင်း ရှိနေစေချင်တယ်။ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို လျောက်ကြဖို့ အတွက် ဒီမာန်လေး လိုအပ်မယ် ထင်ပါတယ်။Mind Power ရှိတဲ့ လူတစ်ယောက်အဖြစ် ဆက်သွားလိုက်ပါ။
ပြီးခဲ့တဲ့ ညက တက်ကြွတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ ကို သူငယ်ချင်းမပါပဲ ပီပီ ပြင်ပြင် နွဲလိုက်ကြတယ်။ သူ့မွေးနေ့ အတွက် အမှတ်တရအနေနဲ့ ဘာလုပ်ရရင် ကောင်းမလဲ တွေးရင်း ဒီပို့စ်လေးကို တင်လိုက်ပါတယ်။အတွေးရှိသလောက်ပါ့ စာပိုဒ်လေးတွေ က လိုနေသလိုခံစားရတယ် ။ဒိထက်ကောင်းအောင် က အချိန်ယူရေးမှ ဖြစ်လိမ့်မယ်။နောက် ပြင်လို့ ရရင် ပြင်တာပေါ့။အခုတော့ အချိန်မှီ အနေနဲ့ တင်လိုက်ပြီ။

nweminthit

No comments:

Post a Comment

Related Posts with Thumbnails