ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, July 23, 2009

ကန္တာရ ထဲက အမေ

အိပ်မပျော်တဲ့ ညတွေဟာ
ကန္တာရညတွေပေါ့ အမေရယ်
အမေရဲ့ ညတွေဟာ
သားတွေ အတွက်
အဝေးရောက်သားတွေအတွက်
လွတ်လပ်မှုမရှိတဲ့ သားတွေအတွက်
ကောင်းကင်မှာ လွတ်လပ်စွာ ဝဲပျံခွင့်မရှိတဲ့
အချုပ်အနှောင်ထဲက သားတွေအတွက်
ဘယ်လောက် ကန္တာရ ဆန်နေလိမ့်မလဲ . . .
လူလုံးမလှနိုင်သေးတဲ့ သားတော့ တွေးမိပြီ။

ဟိုး လွမ်းစရာ တောင်ခိုးတွေ လွင့်နေတဲ့
ကောင်းကင် မည်းမည်းထဲမှာ
တောင်အောက် ချိုင့်ဝှမ်းထဲမှာ
ခုံးခုံးထနေတဲ့ ပင်လယ်ကြမ်းခင်းနောက်ခံ
ကောင်းကင်ပြာပြာထဲမှာ
စိတ်ကူးမှာ ထင်ဟပ်နေတဲ့ တံလျပ်ရောင်ဝင်း

ဝင်းထဲမှာ
ကန္တာရဆန်တဲ့ အမေ့ရဲ့ညတွေ
လွင့်မျောနေမှာကို မြင်ယောင်မိတယ်အမေ။

မရေရာမှုတွေထဲ လွင့်ပါနေမယ့် သား
တောင်ခိုးလို လေပင့်ရာ ပျံတက်ချင်တဲ့သား
ချိင့်ဝှမ်းနက်နက် တွေဆီ ဆင်းပြီး စူးစမ်းလိုတဲ့သား
တံလျပ်တွေထဲ အရိပ်တွေ့နိုးနိုး လျောက်ပြေးချင်တဲ့သား
ပင်လယ်ရဲ့ကျယ်ပြန့်မှုကို ထီမမှုချင်တဲ့ သား
လှိုင်းတွေရဲ့ အော်ဟစ်ပြေးလွှားပုံကို အားကျတတ်တဲ့သား
. . . . သား တွေ အတွက်
ကန္တာရဆန်ညတွေကို ရင်ဆိုင်နေရမယ့် အမေ့ အဖြစ်ကို
ကြိုမတွေးခဲ့မိလို့မှ မဟုတ်ဘဲ အမေရယ် . . . ။

ကျပ်တည်း ကျဉ်းမြောင်း
ဖုန်ထောင်းပူပြင်း
အလင်းက မဲ့နေသေး
အမေ့နေရာလေးမှာ . . .
ထာဝရကန္တာရ ဆန်နေပါတော့မယ် . . . ။


No comments:

Post a Comment

Related Posts with Thumbnails