ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, July 23, 2009

ခြေရာလေးများ

ခေတ်ဦးအခြေတည်ဖို့ ဝန်းကျင်ကို မျှော်ကြည့်လိုက်တော့ အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ပြီး ကျယ်ပြန့်သွား ငြိမ်သက်သိမ်မွေ့သွား ပြီးတော့ ရေသေအိုင်လိုဖြစ်နေတဲ့ ပျူစကားလုံးတွေ ရှိနေတယ်။တည်ငြိမ်ခိုင်မာပြီးသားဖြစ်ပြီး တစ်လျောက်လုံး အပြိုင်ဖြစ်လာမယ့် မွန်စကားလုံးတွေ ရှိနေတယ်။မြန်မာစကားလုံး မြန်မာစာပေအပေါ်မှာ စကားလုံးတွေသာ မက စကားလုံးတွေရဲ့ အနှစ်သာရတွေ အထိ လွှမ်းမိုးချုပ်ကိုင် နေရာယူမယ့် ပါဠိစကားလုံးတွေရှိနေတယ်။ဒီသုံးခုကတော့ ပင်မဒေါက်တိုင်ကြီးဆိုလို့ ပြောမယ်ဆို ပြောလို့ ရမယ် ထင်တယ်။တခြားဒေသိယစကားလုံးတွေ ,လူမျိုးနွယ်စု အသီးသီးတွေရဲ့ စကားလုံးတွေလဲ စုဝင်ပေါင်းစည်းတာလဲ ရှိမပေါ့။တစ်ချို့ သုခမိန်ဆိုတဲ့ စကားလုံးလို ဘယ်ကလာတယ် မှန်းဆဖို့ ခက်ခဲ တဲ့ စကားလုံးတွေလဲ ရှိမှာပဲ။ဒီလိုနဲ့ ကျနော်တို့ရဲ့ မြန်မာစားလုံးဝေါဟာရ မြစ်ကြီး အသက်ဝင်စီးဆင်းလာတယ်။
မြန်မာလူမျိုးတစ်ဦးရဲ့အထူးသဖြင့်မြန်မာဗုဒ္ဓဘာသာတစ်ဦးရဲ့ မွေးဖွားချိန်ကနေ သေပြီး မြေကြီးထဲ ဝင်ချိန်အထိ ဒိထက်ပိုပြီး သေပြီးနောက်ဘဝရှိဦးမယ်ဆိုရင် အဲဒီ နောက်ဘဝ အထိ၊ ဖြစ်တည်မှု အားလုံးဟာ အဓိပ္ပါယ်တွေ ရှိပါတယ် ဆိုကြပါစို့။အဲဒီ အဓိပ္ပါယ်တွေဟာ ပါဠိစကားလုံး တွေကနေ ရလာတာတွေပါ။ငြင်းရခက်ပါလိမ့်မယ်။မြန်မာစကားလုံးတွေရဲ့ ခေတ်ဦး ပုဂံမှာ ကမ္ဘာက အသိမှတ်ပြုကြ အံ့သြကြတဲ့ သဒ္ဒနီတိသဒ္ဒါကျမ်းကို ပုဂံသားက ပုဂံမှာတင် ပြုစုခဲ့တာပါပဲ။စကားလုံးတွေရဲ့ Formကို ပုံသေချတော့မယ့် အချိန်မှာ ပါဠိကို အဲလောက်ထိ ပုဂံသားတွေ ထဲထဲ ဝင်ဝင်ရှိနေတာလေ။ပါဠိရဲ့ လွှမ်းမိုးမှု ဟာ မဆန်းတော့ပါဘူး။
ခြေလှမ်းကျဲကျဲနဲ့ စကားလုံးတွေ လှမ်းလာခဲ့တာ အင်းဝတိုင်ရောက်ခဲ့ပြီ။အင်းဝမှာတော့ စာဆိုတွေရော ပရိသတ်ကပါ စကားလုံးတွေကို ကိုယ်ပိုင်အနေနဲ့ နားလည်နေကြပြီ။ပါဠိသက်စကားလုံးပဲဖြစ်ဖြစ် ပေါရာဏပဲ သုံးသုံး ခေတ်လူအားလုံးနားလည်ခဲ့ကြပြီ။ဒီအင်းဝခေတ်က စကားလုံးတို့ စံပျော်ရာခေတ်။ပျို့စတဲ့ ကဗျာပုံစံ အမျိုးမျိုးနဲ့ သိပ်ကျစ်လစ်တဲ့ စကားလုံးတွေကို ဖွဲ့နွဲ့ကြသလို ၊သိပ်ကျယ်ပြောတဲ့ ပါဠိတော် နိဿယမြန်မာကျမ်းတွေ အထူးသဖြင့် ယမိုက်အရကောက်လို ပဌာန်းအရကောက်လို ကျမ်းကြီးတွေကိုလည်း မြန်မာစကားလုံးတွေနဲ့ ပိုင်ပိုင်နိုင်နိုင်ပုံဖော်နိုင်ခဲ့ကြတယ်။သူ့ခေတ်ရဲ့ မြန်မာစကားလုံးတွေကို ဘယ်ခေတ်မှ လိုက်မမှီနိုင်အောင်

စံတင်ခဲ့ကြတယ်။တောင်ငူ ကနေ ရတနာပုံခေတ်အထိ့ ။အဲဒီနောက် အင်္ဂလိပ်ဆီကပါ စကားလုံးတွေ ရခဲ့ပြန်တယ်။
ဆရာဇော်ဂျီတို့ ခေတ်ရောက်လာပြန်တော့ ကာရံသံ နဘေသံတွေကို တော်လှန်ဖို့ လူတွေက တောင်းဆိုလာပြန်တယ်။ခေတ်က တောင်းမှ တော့လုပ်ပေးရတော့မှာပဲ။စကားပြေဟန် အပျိုကျော့ ကျော့လေး ကို ဖန်ဆင်းကြပြန်တယ်။တဖြေးဖြေး ရင့်ကျက်တည်ငြိမ်လာတဲ့ စကားပြေလမ်းဟာ အခုချိန်တိုင် မကောတော့ပါဘူး။ဆရာမြသန်းတင့်ရဲ့ စကားပြေတွေအတွဲတွေဆိုရင် ဘယ်လောက်များများ ဖတ်ရသူတွေကို မငြီးအောင် ထိမ်းနိုင်ခဲ့ပြီပဲ။အခုအချိန်မှာတော့ လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်းကနေ မိုးကုပ်စက်ဝိုင်း တံတိုင်းရှိရင် ကောင်းကင် ကိုလည်း ငါမုန်းမယ် တွေ ဘာတွေ ဖြစ်ကုန်တယ်။စကားပြေရေးဟန် က အီသလို ဖြစ်လာသလား။ဒါမှ မဟုတ် ရှေးရှေး ဆရာ့ ဆရာတွေကို ကျော်ရေးရမှာ အားနာကြသလား မသိဘူး။စကားလုံးတွေကပဲ မပြည့်စုံတော့တာလား။စာဖတ်ရတာ အား မရကြတော့ဘူး။စကားပြေကနေ စကားပြောတဲ့။ဆရာမကြီး တစ်ဦးရဲ့ မူပိုင် ဟန်လိုလိုနဲ့ စတင်လာခဲ့တယ်။ မှန်တာပြောရရင် စကားပြေလောက် ဘယ် ထိမိ မလဲ။ဒါပေမယ့် လွယ်တယ် သွက်တယ်။ပေါ့ပါးတယ်။ဒါကို လဲ အခုနောက်ပိုင်း အားမရတော့ပြန်ဘူး ထင်တယ်။နိမိတ်ပုံတွေ အားပါးတရ ထည့်ထားတာတွေကို ခံတွင်းတွေ့ကြပြန်တယ်။အချိန်အများကြီး မပေးရပဲ တနင့်တပိုး ရကြတာမျိုးကို ပိုတပ်မက်လာကြတယ်။သစ်ရိပ်အေးအေး အောက် ပက်လက်ကုလားထိုင်လေးချ၊ရေနွေးကြမ်းအိုးလေး ဘေးမှာထားပြီး စာမျက်နှာထူထူ ကြီးတွေကို အေးအေးလူလူ စိမ်ပြေနပြေ ဖတ်ရလောက်အောင် ခေတ်က သဘောမကောင်းတော့ဘူး။အချိန်လုပြီး များများ ရချင်တဲ့ ခေတ်။ဇေယျာလင်းတို့လို လူငယ်တွေက ပုံစံအမျိုးမျိုးနဲ့ နှစ်သိမ့်ပေးကြတယ်။
အင်း အခု ပိုဆိုးလာပြီလေ။အွန်လိုင်းပေါ်ကို စကားလုံးတွေက အမှတ်မထင် ခုန်တက်လာတယ်။အချိန်ကို ငွေထက် ပိုပြီး တန်ဖိုးထားလာရပြီ။ဝုန်းဒိုင်းကျဲ ပြေးပြေးလွှားလွှားနဲ့ စောင်းငဲ့ ကြည့်ရုံသာ တက်နိုင်ကြမယ် ထင်တယ်။ဘယ်လောက် ကောင်းအောင်ရေးနိုင်ပါစေ . .ရှည်လို့ကတော့ ကျော် ဟ ပဲ။အချိန်မှ မပေးနိုင်တာကိုး ၊သူသူကိုယ်ကိုယ်ပါပဲ။အခုပို့စ်တောင် ရှည်နေပြီလေ။ဒါကြောင့် ဖွဖွလေးသာ လျောက်လိုက်ရတယ်။
မြန်မာစာပေအရင်းအမြစ်တွေနဲ့ ပတ်သက်လို့ အသေးစိတ် ပြည့်ပြည့်စုံစုံ လေ့လာ ချင်ရင် Myanmar Languageဆိုတဲ့ နေရာကို သွားပါ။

No comments:

Post a Comment

Related Posts with Thumbnails